ကမ္ဘောဒီးယားနိုင်ငံ၌ အဆိပ်သင့်ဆန်အရက်သောက်သုံးမှုကြောင့် တစ်ဦးသေဆုံး၊ ၂၇ ဦး ဆေးရုံတက်ကုသမှုခံယူ

ဇွန် ၅

 

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဘက် ပါဆက်ပြည်နယ်တွင် အိမ်တွင်ပြုလုပ်သောဆန်အရက် သောက်သုံးမှုကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့ပြီး အခြား ၂၇ ဦး ဆေးရုံတက်ကုသမှုခံယူရကြောင်း ဒေသတွင်းကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။

 

အဆိုပါမတော်တဆမှုသည် ကရာကာခရိုင် အော့ပရေကျေးရွာရှိ ဒေသခံတစ်ဦး၏ဈာပနအခမ်းအနားပြုလုပ်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ထိုဆန်အရက်တွင် မက်သနောပါဝင်မှုပမာဏများပြားသည်ဟု ယူဆရကြောင်း ဒေသတွင်းကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ဆေးရုံတက်ကုသမှုခံယူနေသောလူနာအားလုံး ပြန်လည်ကောင်းမွန်လာပြီး အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

 

ဆန်အရက်သောက်သုံးပြီးနောက် ၎င်းတို့တွင် မျက်လုံးယားယံခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မောပန်းခြင်းဝေဒနာများခံစားရသည်။ ထိုအဆိပ်သင့်ဆန်အရက်နမူနာကို ဓါတ်ခွဲစမ်းသပ်ရန် ယူဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

 

ဆန်အရက်သည် တန်ဖိုးနည်းပါးသောကြောင့် နိုင်ငံအတွင်းရှိ ကျေးလက်ဒေသများတွင် လူကြိုက်များသည်။

 

လွန်ခဲ့သောနှစ် အောက်တိုဘာလက ကမ်ပွန်ချမ်ပြည်နယ်၏ စတန်ထန်ခရိုင်တွင် မက်သနောပါဝင်မှုများသော အိမ်လုပ်ဆန်အရက်သောက်သုံးမှုကြောင့် သုံးဦးသေဆုံးပြီး အခြား ၆၆ ဦး ဆေးရုံတက်ကုသမှုခံယူခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို