ကမ္ဘောဒီးယား၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်သဖြင့် စာသင်ကျောင်းအားလုံး ပြန်ဖွင့်

ဖနောင်ပင်၊ ၁၂ ဇန်နဝါရီ

 

ကမ္ဘောဒီးယားအစိုးရသည် ယမန်နှစ်နှောင်းပိုင်းမှစ၍ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းအားလုံးကို ယမန်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းအားလုံးအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မဖြစ်မနေ လိုက်နာရန်လိုအပ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ထို့အတူ ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအနေဖြင့် နှာခေါင်းစည်းများကို မဖြစ်မနေ ဝတ်ဆင်ထားရမည်ဖြစ်ပြီး ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်းကိုလည်း ခံယူရမည် ဖြစ်ကြောင်း၊ ထို့အပြင် လက်ကို မကြာခဏဆေးကြောပြီး တစ်ဦးနှင့် တစ်ဦးအကြား ၁ ဒသမ ၅ မီတာခြား၍ နေထိုင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

 

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပြည်သူများအနေဖြင့် ကျောင်းသူကျောင်းသားများ၏ ပညာရေးနှင့် ကျန်းမာရေး လုံခြုံစိတ်ချရရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဟွန်ဆန်က ထပ်မံပြောကြားသည်။

 

ထို့အပြင် ကမ္ဘောဒီးယားအစိုးရသည် နိုင်ငံအတွင်းရှိ ပုဂ္ဂလိက စာသင်ကျောင်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ  ပြီးခဲ့သည့် သီတင်းပတ်က ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၉၂ ဦးရှိပြီး ရောဂါကူးစက်ခံရ သူများအနက် သေဆုံးသူတစ်စုံတစ်ဦးမျှ မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် ကမ္ဘောဒီးယားရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၂ ဦးအနက် ၃၇၄ ဦးသည် ရောဂါမှ ပြန်လည်ကျန်းမာသွားပြီဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ