ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ပုဂံဒေသ ရေရှည်တည်တံ့ရေးအတွက် လာရောက်လည်ပတ်ကြသည့် ခရီးသွားများကို အသိပညာပေးရန် လိုအပ်နေ

၁ အောက်တိုဘာ

 

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ပုဂံဒေသ ရေရှည်တည်တံ့ရေးအတွက် လာရောက်လည်ပတ်ကြသည့် ခရီးသွားများကို ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်းနောင်းဟန်က ပြောသည်။

 

ကျွန်တော်တို့ ပြည်တွင်းခရီးသွားတွေအနေနဲ့ အချို့ဟာတွေမှာ မလိုလားအပ်ဘဲနဲ့ နံရံဆေးရေး ပန်းချီတွေကို ဖျက်ဆီးနေတာမျိုးတွေ ရှိတယ်၊ တချို့နေရာတွေမှာ ကော်ရက်ရှင်ပန်နဲ့ ရေးတာတွေရှိတယ်၊ အမှတ်တရပေါ့၊ ရောက်သွားတဲ့နေရာမှာ နာမည်တွေနဲ့ ဒိတ်တွေနဲ့ ရေးထားတာတွေရှိတယ်၊ ဒါမျိုးတွေအပြင် နောက်တစ်ခါ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ကလည်း မတက်သင့်တဲ့နေရာတွေကို တက်တယ်၊ မလုပ်သင့်တဲ့အပြုအမူတွေ လုပ်တယ်ပေါ့၊ ဒီလိုဟာမျိုးတွေ အများကြီးရှိတော့ ကျွန်တော်တို့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ကုမ္ပဏီတွေရင် ထိန်းသိမ်းရတာမဟုတ်ဘဲနဲ့ ပြည်တွင်းခရီးသွား ကုမ္ပဏီတွေအအနေနဲ့လည်း ဒါတွေကို ထိန်းသိမ်းသင့်တယ်၊ ပညာပေး လုပ်သင့်တယ်၊ ကျွန်တော်တို့ ကိုယ်တိုင်က အသိရှိမှ ခရီးသွား တွေကို ပြောပေးနိုင်မယ်ဟု ဦးနောင်းနောင်းဟန် က ပြောသည်။

 

ထိုသို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသ ပုဂံ ရေရှည်တည်တံရေးအတွက် ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများသာမက ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုမှာလည်း အားနည်းနေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။

 

ဥပမာ ဌာနဆိုင်ရာတွေက ဘတ်ဂျက်တစ်ခုကို တင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဘတ်ဂျက်လျာထားရပါတယ်။ ဘတ်ဂျက်စလျာထားပြီးတော့ တင်ပြကတည်းကိုယ်က ဒီတင်ပြလိုက်တဲ့ လျာထားတဲ့ဟာက ဒီယဉ်ကျေးမှုအမွေအနှစ်တွေကြားထဲမှာ ဆောင်ရွက်လို့ ရနိုင် မရနိုင်ဆိုတာ ကြိုတင်ပြီးတော့ ညှိနှိုင်းဖို့လိုအပ်ပါတယ်။ ဥပမာ ဆိုကြပါစို့ ပုဂံယဉ်ကျေးမှု အမွေအနှစ်တွေကြားမှာ ကွန်တော်တို့ ဟိုရွာနဲ့ဒီရွာနဲ့ မီးရအောင်လုပ်မှာမလို့ ဓာတ်တိုင်တွေ စိုက်လို့ရှိရင် ဒါ သူဌာနရဲ့ လျာထားချက်နဲ့ သူလုပ်တာ သူ့ဟာသူတင်လိုက်တယ် ဘတ်ဂျက်က ကျလာတယ် လမ်းမီးတိုင်တွေစိုက်ဖို့ တစ်ရွာနဲ့တစ်ရွာ မီးလင်းအောင်လုပ်ဖို့ လုပ်တာ။ တကယ်တမ်း လက်တွေ့ ဆောင်ရွက်မယ့်အခါမျိုးမှာ ဓာတ်တိုင်တွေ ဒီနေရာမှာ စိုက်လို့မသင့်တော်ဘူးဆိုတဲ့ ဟာမျိုး ဒီမှာ သွားတွေ့ရပါတယ်။ ဒါတွေက ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တာကို အဓိက ထောက်ပြတာဖြစ်ပါတယ်။ နာက်တစ်ခုက ဒေသခံတွေရော အများပြည်သူတွေရော ကျွန်တော်တို့ရှိပါတယ်။ ဘုရားပေါ်မှာမြက်တွေပေါက်နေတယ် ဒါကိုဖေ့ဘုတ်ပေါ်တင်လိုက်တယ်။ ဘယ်သူ့မှာတာဝန်ရှိသလဲ မလုပ်ကြဘူးလား။ လစာယူပြီးဘာလုပ်နေကြလဲ။ သူဝင်နှုတ်ပေး ဖို့ရာအတွက် သူ့မှာတာဝန်မရှိဘူး ခံစားရတယ် တစ်ခါတစ်လေ တာဝန်ရှိတဲ့ဌာနတွေကို အသိပေးရင်လည်း သူ့စေတနာ ပိုပြီးပေါ်လွင်စေတယ်။ အဲတော့ ပေါ်ပြူလာဖြစ်ချင်တာလား ဒါဘယ်လိုသဘောလဲ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာတော့ သေချာပါတယ်။ ဒါ အခုအချိန်ထိ ဒီဟာက ဖြစ်နေတုန်းပါဘဲ အဲဒါကြောင့်မလို့ ဒေသခံဘဲဖြစ်ဖြစ် ဌာနဆိုင်ရာဘဲဖြစ်ဖြစ် အရင်တုန်းကထက် ပိုမို ပူးပေါင်းဆောင်ရွက်တဲ့ စနစ်လေးတစ်ခုကို အားကောင်းအောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်ဟု ဦးအောင်အောင်ကျော် က ပြောသည်။

 

လက်ရှိ ပုဂံဒေသတွင် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခဲ့သည့်အချိန်အထိ ရှေးဟောင်းအဆောက်အအုံပေါင်း ၃၈၂၂ ခု ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ထပ်မံပြောကြားသည်။

 

ယခုနှစ်တွင် လက်ရှိအချိန်ထိ ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသွား လေးသိန်းခန့် ဝင်ရောက်ထားပြီးဖြစ်ကြောင်း သိရသည်။

 

လက်ရှိ သာသနာရေးနှင့် ယာဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် ရှေးဟောင်းယာဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးအတွက် ဝတ်ပြုကြည်ညိုနေသူများ တရားထိုင်နေသူများအား အနှောင့်အယှက်ဖြစ်စေမည့် အော်ဟစ်ဆူညံခြင်း၊ ကျယ်လောင်စွာပြောဆိုခြင်း မပြုလုပ်ရ၊ ရှေးဟောင်းအဆောက်အအုံများအတွင်းရှိ နံရံဆေးရေးပန်းချီများကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရ၊ နံရံဆေးရေးပန်းချီရှိသော ရှေးဟောင်းအဆောက်အအုံများအတွင်းတွင် ဓာတ်ပုံရိုက်ခြင်း ဗီဒီယိုရိုက်ခြင်း Flash မီးဖြင့် ဓာတ်ပုံ ဗီဒီယို ရုပ်ရှင်ရိုက်ခြင်း မပြုလုပ်ရ၊ အဂါဝရဖြစ်စေမည့် ဘုရားဆင်းတုတော်များနှင့် တွဲဘက်ဓာတ်ပုံရိုက်ခြင်း ဗီဒီယိုရိုက်ခြင်း ဘုရားဆင်းတုများဘက်သို့ ခြေကန်ခြင်း မပြုလုပ်ရ၊ ဘုရားပုံတော်နှင့် ကိုးကွယ်မှုဆိုင်ရာ ပုံတော်များအား ခန္ဒာကိုယ်တွင် ဆေးမှင်ကြောင်တက်တူးထိုးခြင်း မပြုလုပ်ရဟု သတိပေးနှိုးဆော်ထားသည်။

 

ထို့ပြင် စေတီရံများနှင့် ပစ္စယံဆင့်များ ဘုရား ပလ္လင်များပေါ် တက်ရောက်ခြင်း အိပ်စက်ခြင်းများ မပြုလုပ်ရ၊ ဘုရားဆင်းတုများအပါအဝင် ရှေးဟောင်းပစ္စည်းများအား ဝယ်ယူခြင်း ရောင်းချခြင်း ဖျက်စီးခြင်း ပျက်စီးစေရန် ပြုမူခြင်း ခိုးဝှက်၍ တရားမဝင် မှောင်ခိုရောင်းချခြင်းများ မပြုလုပ်ရ၊ ရှေးဟောင်းအဆောက်အအုံများအတွင်း မဖွယ်မရာ ပြုမူနေထိုင်ခြင်း စာများ ရုပ်ပုံများ ရေးသားခြင်း ရေးခြစ်ခြင်းများ မပြုလုပ်ရ၊ ရှေးဟောင်းအဆောက်အအုံများအတွင်း မီးအသုံးပြု၍ ချက်ပြုတ်ခြင်း စားသောက်ခြင်း မပြုလုပ်ရ၊ ရှေးဟောင်းအဆောက်အအုံများအတွင်း အညစ်အကြေးများ အမှိုက်များ စွန့်ပစ်ခြင်းမပြုလုပ်ရဟု သတိပေးနှိုးဆော်ထားသည်။

 

Nyein Nyein