ကမ္ဘာတစ်ဝန်းက အိုင်ကျွန်း တေးဂီတဇယားတွေကို ဦးဆောင်နေတဲ့ တေးယွန်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီး တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Girls' Generation ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တေးယွန်ဟာ သူ့ရဲ့ တစ်ကိုယ်တော်တေးသီချင်းသစ် ထုတ်လွှင့်မှုနဲ့အတူ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အိုင်ကျွန်းတေးဂီတဇယားအချို့ကို ဦးဆောင်ထားနိုင်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

တေးယွန်က သူ့ရဲ့ တစ်ကိုယ်တော် တေးသီချင်းသစ် Can't Control Myself ကို ဇန်နဝါရီ ၁၇ ရက်က စတင်ထုတ်လွှင့်ခဲ့တာပါ။ အဆိုပါတေးသီချင်းဟာ ဇန်နဝါရီ ၁၈ ရက်မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံနဲ့ ဒေသပေါင်း ၁၄ ခုရဲ့ အိုင်ကျွန်းတေးဂီတဇယားတွေမှာ နံပါတ်တစ်နေရာကို ရယူထားနိုင်ခဲ့ပါတယ်။ ယခုလိုနံပါတ်တစ် နေရာရယူထားနိုင်တဲ့နိုင်ငံနဲ့ ဒေသတွေထဲမှာ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း စတဲ့ အာရှနိုင်ငံတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။

အဆိုပါတေးသီချင်းဟာ ကမ္ဘာတစ်ဝန်း အိုင်ကျွန်းတေးသီချင်းစာရင်းမှာ နံပါတ် (၇) နေရာ ရယူထား နိုင်ကြောင်းလည်း သိရပါတယ်။

အေးပြည့်