ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်သော်လည်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ပိုင်းဖြင့် လည်ပတ်နေ

ရန်ကုန်၊ ၅ ဇန်နဝါရီ 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်နေသော်လည်း ပြည်တွင်းရွှေဈေးနှုန်းမှာ နိုင်ငံခြားဈေးအောက် တစ်ကျပ်သားလျှင် ကျပ် ၃၀၀၀၀ ခန့် လျော့နည်းလျက်ရှိရာ နိုင်ငံတကာ ရွှေဈေးကွက်ဖြင့် နှိုင်းယှဉ်ပါက အနိမ့်ပိုင်းဈေးဖြင့် လည်ပတ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ကပ်ရောဂါကာလ၌ စားဝတ်နေရေးကြောင့် စုဆောင်းထားသော အတုံးအခဲနှင့် ရွှေထည်ပစ္စည်းပြန်လည် ရောင်းချမှုမှာ နှစ်ကုန်ပိုင်းနှင့် ယခုနှစ်ဆန်းပိုင်းတွင် ပိုမိုသွက်လျက်ရှိပြီး ရွှေပန်းတိမ် လုပ်ငန်းများတွင် လည်း အထည်အပ်နှံမှုမရှိ၍ လုပ်ငန်းရပ်ကာ လုပ်သားများအလုပ်ပြတ်လပ်မှုရှိသည်။

“ဇန်နဝါရီ ၅ ရက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း နံနက် ၁၀ နာရီ ၄၅ မိနစ် အဖွင့်ဈေးက အကယ်ဒမီ မီးလင်းအခေါက် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် တစ်ဆယ့်သုံးသိန်း သုံးသောင်းအတိပါ။ ၁၅ ပဲရည်က ကျပ် ၁၂ သိန်း ၅၀၀၀၀ ရှိတယ်။ ကမ္ဘာ့ရွှေဈေးမြင့်တက်နေတဲအတွက် ကိုဗစ်အလွန်ကာလမှာ ပြည်တွင်းဈေးရွှေလည်း လိုက်ပါမြင့်တက်မယ်လို့မြင်ပါတယ်။ ရွှေဈေးဟာ စီးပွားရေးတောင့်တင်းတဲ့ နိုင်ငံတွေအနေနဲ့ မသိသာပေမယ့် ဖွံ့ဖြိုးစနိုင်ငံတေွမှာ ကမ္ဘာ့ကပ်ရောဂါ ကြောင့် ရွှေဈေးကျတာလည်း ပါပါတယ်။ လူတန်းစားအသီးသီးရဲ့ ငွေကြေးလိုအပ်ချက်အရ ထုတ်ရောင်း တဲ့ အတွက် ကျပ် ၃၀၀၀၀ ခန့်အထိ ဈေးလျော့နေတာပါ။ ဒီနှစ်မှာ ရွှေပြန်လည်ဝယ်ယူဖို့ အားနည်းနေမယ်ထင်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး‌ ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေ‌ထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

နိုင်ငံတိုင်းတွင် ရွှေမှာ ဒုတိယငွေကြေးအဖြစ် ရပ်တည်လျက်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ ငွေကြေးတန်ဖိုး နှင့် ရွှေဈေးနှုန်းတို့မှာ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကိုပြသလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ရွှေထွက်ရှိ၍ ရွှေမှာအရေးကြီးကုန်ပစ္စည်းတွင် ပါဝင်သည့်အပြင် ရွှေကိုစံအဖြစ်တန်ဖိုးထားသောကြောင့် ကိုဗစ် အလွန်ကာလတွင် ရွှေဈေးပြန်လည်မြင့်တက်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း မှ ခန့်မှန်းထားသည်။

သန်းထိုက်

ဓာတ်ပုံ - သန်းစိုး