ကမ္ဘာ့ရွှေဈေး စံချိန်တင်မြှင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေး စံချိန်သစ်များ ထပ်ချိုး

ရန်ကုန် ၇  သြဂုတ်

 

ကမ္ဘာ့ရွှေဈေး စံချိန်တင်မြှင့်တက်မှုနှင့်အတူပြည်တွင်းရွှေဈေး စံချိန်သစ်များ ထပ်ချိုးလျှက်ရှိပြီး သြဂုတ် ၇ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၃၃၂၅၀ဝ အထိ ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၃၀၇၀ဝ၀ အထိ စံချိန်ချိုးထားသော်လည်း ယခုအခါ ယင်းစံချိန်ကို ကျော်လွန်ကာ စံချိန်သစ် ထပ်ချိုးခဲ့သည်။

 

အလားတူ ကမ္ဘာ့ရွှေဈေးမှာလည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၃၀ဝ၀ဝ၀ ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ချိန်တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ ကျော် အထိသာ ရှိခဲ့သည်။

 

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာမူ စံချိန်တင်မြှင့်တက်လျှက်ရှိပြီး သြဂုတ် ၅  ရက်မှစ၍ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀ဝ၀ဝ ကျော်အထိ မြင့်တက်ခဲ့ကာ သြဂုတ် ၇ ရက်တွင်မူ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၆၂ ဒေါ်လာအထိ စံချိန်သစ် ထပ်ချိုးခဲ့သည်။

 

ထိုသို့ ကမ္ဘာ့ရွှေဈေး စံချိန်တင်မြှင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးပါ  စံချိန်သစ်များ ထပ်ချိုးကာ လိုက်ပါမြင့်တက်နေသော်လည်း ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ် ငွေလဲလှယ်နှုန်းသည် ၁၄၀ဝ ကျပ်အောက်သာ ရောက်ရှိနေပြီး သြဂုတ် ၇ ရက်က တစ်ဒေါ်လာလျှင်  ၁၃၇၃ ကျပ်သာ ရှိသည်။

 

လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း  ဝယ်လိုအားမှာလည်း မြှင့်တက်လာကြောင်းရွှေဈေးကွက် အတွင်းမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာမူ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်အဖြစ် တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တက်ခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ  ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ငွေကျပ် ၁၀ဝ၀ဝ၀ဝ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀ဝ၀ဝ၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀ဝ၀ဝ၀ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး  စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ငွေကျပ် ၁၃၀ဝ၀ဝ၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

 

ယခုနှစ် လတ်တလော ရွှေဈေးကွက်အတွင်းမှ ရွှေဈေးကို ပြန်ကြည့်မည်ဆိုလျှင် ဧပြီတွင်မူ COVID- 19 ကြောင့် ပြည်တွင်းရွှေဈေးကွက် ပိတ်ထားပြီး မေ ၁၈ ရက်တွင် ရွှေဈေးကွက်ပြန်ဖွင့်ကာ ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ငွေကျပ် ၁၂၁၄၁၀ဝ (မေ ၂၇ ရက်) နှင့် အမြင့်ဆုံးနှုန်း ငွေကျပ် ၁၂၃၆၀ဝ၀ (မေ ၁၈ ရက်)၊ ဇွန်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၀၉၆၀ဝ (ဇွန် ၆ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၁၉၅၀ဝ (ဇွန် ၁ ရက်)နှင့်ဇူလိုင်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၆၅၀ဝ (ဇူလိုင် ၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၉၆၅၀ဝ (ဇူလိုင် ၂၇ ရက်)တို့ ဖြစ်ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

 

ငြိမ်းငြိမ်း