ကမ္ဘာ့ရွှေစျေးမြှင့်တက်လာသော်လည်း ဒေါ်လာငွေကြေးလဲလှယ်နှုန်း ကျဆင်းနေသောကြောင့် ပြည်တွင်းရွှေဈေး ငြိမ်

၃၀  ရန်ကုန်

ကမ္ဘာ့ရွှေစျေးမြှင့်တက်လာသော်လည်း ဒေါ်လာငွေကြေး လဲလှယ်နှုန်း ကျဆင်းနေသောကြောင့် ပြည်တွင်းရွှေဈေး ငြိမ်သက်နေကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးအုန်းမြိုင်က ပြောသည်။

"လက်ရှိ ရွှေဈေးကတော့  ကမ္ဘာ့ရွှေစျေး တက်တယ်၊ သို့သော်လည်း မြန်မာနိုင်ငံမှာ ဒေါ်လာ ငွေကြေးနှုန်းလဲလှယ်မှုက ကျသွားတယ်၊ မြန်မာငွေကြေးခိုင်မာတာပေါ့၊ အဓိကကတော့ အဲဒီအတွက်ကြောင့် ဒီမှာစျေးက မတက်ပါဘူး၊ အခုလောလောဆယ်တစ်ဆယ့်တစ်သိန်း ကိုးသောင်းခုနှစ်ထောင်၊ ၁၁ သိန်း ကိုးသောင်းခုနှစ်ထောင်ငါးရာ အဲလောက်ပဲ ရှိတယ်"ဟု ဦးအုန်းမြိုင် က ပြောသည်။

ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေး အတက်အကျပေါ်တွင် မူတည်ပြီး ဒီဇင်ဘာ ၃၀ ရက်က  ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၁၄ ဒေါ်လာအထိ မြှင့်တက်ခဲ့သော်လည်း ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် တစ်ဆယ့်တစ်သိန်း ကိုးသောင်း ခုနှစ်ထောင်ဝန်းကျင်သာရှိကြောင်း၊ ထိုသို့ ကမ္ဘာ့ရွှေဈေး မြင့်တက်ခဲ့သော်လည်း ပြည်တွင်းရွှေစျေး ငြိမ်သက်နေခြင်းမှာ အမေရိကန်ဒေါ်လာ ငွေကြေးလဲလှယ်နှုန်း ကျဆင်းသောကြောင့်ဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်က တစ်ဒေါ်လာလျှင် ၁၄၉၃ ကျပ်အထိ ကျဆင်းခဲ့ကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ကျပ် ၁၃ သိန်းကျော်အထိ ဖြစ်ပေါ်ခဲ့သော ပြည်တွင်းရွှေဈေးမှာ တရိပ်ရိပ် ကျဆင်းလာပြီး တစ်ကျပ်သားလျှင် ၁၁ သိန်း ကိုးသောင်းခုနှစ်ထောင်ဝန်းကျင်သာရှိသော်လည်း လက်ရှိရွှေစျေးကွက်အတွင်း အရောင်းအဝယ်မှာ ငြိမ်သက်နေကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်သစ်များ ထပ်ခါထပ်ခါ ချိုးလာခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ  ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး ဆက်လက်၍ တဖြည်းဖြည်း မြင့်တက်လာရာ စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက စက်တင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၂၃၈၀၀ (စက်တင်ဘာ ၁၄ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၃၀၇၀၀၀ (စက်တင်ဘာ ၅ ရက်)၊ အောက်တိုဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၁၅၀၀ (အောက်တိုဘာ ၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၂၉၀၀၀ (အောက်တိုဘာ ၁၀ ရက်)နှင့် နိုဝင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၇၃၀၀၀ (နိုဝင်ဘာ ၂၈ ရက်) အမြင့်ဆုံးနှုန်း ကျပ် ၁၂၁၉၄၀၀ (နိုဝင်ဘာ ၂ ရက်)တို့ဖြစ်ကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရသည်။

ငြိမ်းငြိမ်း