ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်ရန် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေး ပြန်လည်ရောက်ရှိ

ရန်ကုန်၊ ၁၃ ဇန်နဝါရီ

 

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် မတ်လတွင်ယှဉ်ပြိုင်ကစားရမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းအား လေ့ကျင့်မှုပြုလုပ်ရန် ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။

 

အန်တွမ်နီဟေးနှင့် လက်ထောက်နည်းပြဖြစ်သည့် ဂျာမနီနိုင်ငံသား ခါမေးလ်လည်း လိုက်ပါလာပြီး နှစ်ဦးစလုံး ကိုဗစ်စည်းမျဉ်းအတိုင်း နိုဗိုတယ်ဟိုတယ်၌ Quarantine နေထိုင်လျက်ရှိသည်။ ယင်းနည်းပြနှစ်ဦးသည် မြန်မာနိုင်ငံသို့ မထွက်ခွာမီ ဂျာမနီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာ Negative အဖြေထွက်ခဲ့ပြီး ရန်ကုန်မြို့သို့ရောက်ရှိအပြီးတွင်လည်း ထပ်မံစစ်ဆေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေး၏တောင်းဆိုမှုကြောင့် နိုင်ငံခြားသားလက်ထောက် နည်းပြတစ်ဦး ခန့်အပ်ပေးမည်ဖြစ်ပြီး ဂျာမနီနိုင်ငံသား ခါမေးလ်သည် အန်တွမ်နီဟေးနှင့်အတူ လိုက်ပါလာခြင်းဖြစ်သည်။ ခါမေးလ်သည် မြန်မာအသင်းကို အန်တွမ်နီဟေး ပထမအကြိမ်ကိုင်တွယ်သည့် ၂၀၁၈ ခုနှစ်တွင်လည်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တစ်နှစ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ယခုလအတွင်း စခန်းဝင်လေ့ကျင့်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ လက်ကျန်ပွဲများအဖြစ် မတ်လတွင် နှစ်ပွဲ၊ ဇွန်လတွင်တစ်ပွဲ ကစားရမည်ဖြစ်ပြီး မတ် ၂၅ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ် ၃၀ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် ၁၅ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် ငါးပွဲကစား ခြောက်မှတ်ရရှိထားသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်