ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မြန်မာအသင်း ဆီးရီးယားနှင့် အဝေးကွင်းကစားရမည်

နေပြည်တော်၊ မတ် ၂၆

၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စုပွဲစဉ် (၄)ကို မတ် ၂၆ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဆီးရီးယားအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။

ဆီးရီးယားအသင်းသည် အိမ်ကွင်းပွဲများကို ဆော်ဒီအာရေဗျနိုင်ငံ၌ လက်ခံကစားလျက်ရှိပြီး မြန်မာအသင်းနှင့်ပွဲကို ဒေသစံတော်ချိန် ည ၁၀ နာရီ (မြန်မာစံတော်ချိန် မတ် ၂၇ ရက် နံနက် ၁ နာရီခွဲ) တွင်  ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် မတ် ၂၁ ရက်က ရန်ကုန်မြို့၌ ကစားသည့် ပထမအကျော့ပွဲတွင် တစ်ဂိုးစီသရေကျခဲ့သဖြင့် အဝေးကွင်းပွဲတွင်လည်း ရမှတ်ရယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာသည်  ဆီးရီးယားအသင်းနှင့် အဝေးကွင်းပွဲအတွက်  ကစားသမား ၂၂ ဦး  ခေါ်ဆောင်သွားပြီး ဂိုးသမား - ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ပြည့်ဖြိုးအောင်၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ နောက်တန်း-ဟိန်းဇေယျာလင်း၊ ဒေးဗစ်ထန် (ရှမ်းယူနိုက်တက်)၊ ကောင်းထက်ပိုင်၊ ငြိမ်းချမ်း (Dagon Port)၊ ဟိန်းဖြိုးဝင်း (ရတ်ချာဘူရီ-ထိုင်း)၊ စိုးမိုးကျော် (ဖနွမ်းပင်ခရောင်း-ကမ္ဘောဒီးယား)၊ သက်ဟိန်းစိုး၊ ဇွဲခန့်မင်း၊ ခွန်ကျော်ဇင်ဟိန်း (ရှမ်းယူနိုက်တက်)၊ အလယ်တန်း - ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း (ရန်ကုန် ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM-မလေးရှား)၊ နေမိုးနိုင် (ဟံသာဝတီ)၊ လွင်မိုးအောင် (Rayong-ထိုင်း)၊ ဟိန်းထက်အောင် (နီဂျီရီဆီဘီလန်-မလေးရှား)၊ ရှေ့တန်း - အောင်သူ (အူထိုင်းထာနီ-ထိုင်း)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ-ထိုင်း)၊ အောင်ကောင်းမာန် (နာခွန်ရတ်ချာစီမာ-ထိုင်း)၊ ဥက္ကာနိုင် (ရန်ကုန်ယူနိုက်တက်)တို့ ပါဝင်သည်။

ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စုကိုးခုခွဲ၍ ကျင်းပလျက်ရှိပြီး ပထမအကျော့အပြီးတွင် အုပ်စု (က) ၌ ကာတာအသင်းက ကိုးမှတ်၊ အိန္ဒိယအသင်းက လေးမှတ်၊ ကူဝိတ်အသင်းက သုံးမှတ်၊ အာဖဂန်နစ္စတန်အသင်းက တစ်မှတ်၊ အုပ်စု (ခ) ၌ ဂျပန်အသင်းက ကိုးမှတ်၊ ဆီးရီးယားအသင်းက လေးမှတ်၊ မြောက်ကိုရီးယားအသင်းက သုံးမှတ်၊ မြန်မာအသင်းက တစ်မှတ်၊ အုပ်စု (ဂ) ၌ တောင်ကိုရီးယားအသင်းက ခုနစ်မှတ်၊ ထိုင်းအသင်းနှင့် တရုတ်အသင်းက လေးမှတ်စီ၊ စင်ကာပူအသင်းက တစ်မှတ်၊ အုပ်စု (ဃ) ၌ အိုမန်အသင်း၊ ကာဂျစ္စတန် အသင်းနှင့် မလေးရှားအသင်းက ခြောက်မှတ်စီ၊ တရုတ်အသင်းက သုံးပွဲစလုံးရှုံးနိမ့်ကာ အမှတ်မရသေး၊ အုပ်စု (င) ၌ အီရန်အသင်းနှင့် ဥဇဘက်ကစ္စတန်အသင်းက ခုနစ်မှတ်စီ၊ ဟောင်ကောင်အသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်းက တစ်မှတ်စီ၊ အုပ်စု (စ) ၌ အီရတ်အသင်းက ကိုးမှတ်၊ အင်ဒိုနီးရှား အသင်းက လေးမှတ်၊ ဗီယက်နမ်အသင်းက သုံးမှတ်၊ ဖိလစ်ပိုင် အသင်းက တစ်မှတ်၊ အုပ်စု (ဆ) ၌ ဆော်ဒီအာရေဗျ အသင်းက ကိုးမှတ်၊ တာဂျစ်ကစ္စတန်အသင်းနှင့် ဂျော်ဒန်အသင်းက လေးမှတ်စီ၊ ပါကစ္စတန်အသင်းက သုံးပွဲစလုံးရှုံးကာ အမှတ်မရသေး၊ အုပ်စု (ဇ) ၌ ယူအေအီးအသင်းက ကိုးမှတ်၊ ဘာရိန်းအသင်းက ခြောက်မှတ်၊ ယီမင်အသင်းက သုံးမှတ်၊ နီပေါအသင်းက သုံးပွဲစလုံးရှုံးကာ အမှတ်မရသေး၊ အုပ်စု(စျ) ၌ သြစတြေးလျ အသင်းက ကိုးမှတ်၊ ပါလက်စတိုင်းအသင်းက လေးမှတ်၊ လက်ဘနွန်အသင်းက နှစ်မှတ်၊ ဘင်္ဂလားဒေ့ရှ် အသင်းက တစ်မှတ် ရရှိထားသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MFF