ရန်ကုန် မေ ၁၉
၂၀၂၆ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို မေ ၁၉ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပရာ မြန်မာပိုက်ကျော်ခြင်း အသင်းသည် သုံးယောက်တွဲပြိုင်ပွဲ၌ ဒုတိယ၊ လေးယောက်တွဲပြိုင်ပွဲ၌ တတိယရရှိသည်။ သုံးယောက်တွဲ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာအသင်းက အိမ်ရှင်မလေးရှားအသင်းကို နှစ်ပွဲပြတ်၊ ထိုင်းအသင်းက တောင်ကိုရီးယားအသင်းကို ၂-၁ ပွဲဖြင့် အနိုင်ရရှိသည်။
မြန်မာအသင်းသည် မလေးရှားအသင်းကို ပထမပွဲငယ်တွင် ၁၅-၉ မှတ်၊ ဒုတိယပွဲငယ်တွင် ၁၅-၁၀ မှတ်ဖြင့် အနိုင်ရရှိသည်။ ဗိုလ်လုပွဲတွင် ထိုင်းအသင်းက မြန်မာအသင်းကို ၂-၁ ပွဲဖြင့် အနိုင်ရရှိသည်။ ပထမပွဲငယ်တွင် ထိုင်းအသင်း က ၁၅-၈ မှတ်ဖြင့် အနိုင်ရပြီး ဒုတိယပွဲငယ်တွင် မြန်မာအသင်းက ၁၅-၁၃ မှတ်ဖြင့် အနိုင်ရသဖြင့် တတိယပွဲငယ်မှာ အဆုံးအဖြတ်ဖြစ်လာ သည်။ တတိယပွဲငယ်တွင် ထိုင်းအသင်းက ၁၅-၇ မှတ်ဖြင့် အနိုင်ရသဖြင့် မြန်မာအသင်း ဒုတိယဖြင့် ကျေနပ်ခဲ့ရသည်။
ဆက်လက်ယှဉ်ပြိုင်
လေးယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် အိန္ဒိယအသင်းက မြန်မာအသင်းကို ၂-၁ ပွဲ၊ မလေးရှားအသင်းက ဗီယက်နမ်အသင်းကို ၂-၁ ပွဲဖြင့် အနိုင်ရရှိသည်။ ကွာတားဖိုင်နယ်တွင် နာမည်ကြီး ထိုင်းကို အနိုင်ယူလာသည့် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တွင် အိန္ဒိယအသင်းကို မထင်မှတ်ဘဲ အရေးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သည်။ မြန်မာအသင်းအတွက် နစ်နာ သည့်ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။ သုံးယောက်တွဲ အသင်းလိုက် ပြိုင်ပွဲကို မေ ၂၀ ရက်မှ ၂၃ ရက် အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-ISTAF


