ကမ္ဘာ့နိုင်ငံများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သန်း ၅၀၀ အမေရိကန် လှူဒါန်းမည်

ဇွန် ၁၀

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သန်း ၅၀၀ ကို နိုင်ငံပေါင်း ၁၀၀ နီးပါးသို့ လှူဒါန်းမည်ဖြစ်ကြောင်းကို  သမ္မတဂျိုးဘိုင်ဒင်က ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် ပြောကြားမည်ဟု မျှော်လင့်ရကြောင်း အမေရိကန်မီဒီယာက ဖော်ပြထားသည်။

 

ဗြိတိန်နိုင်ငံ Cornwall စီရင်စု၌  ဇွန် ၁၁ ရက်နေ့တွင် စတင်ပြုလုပ်မည့် ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် ဘိုင်ဒင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလှူဒါန်းမည်ဟု ကြေညာပြီး ပူးပေါင်းဆောင်ရွက်ကြရန် အခြားနိုင်ငံများအား တိုက်တွန်း ပြောကြားမည် ဖြစ်ကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က သတင်းထောက်များကို ပြောကြားသည်။

 

ဘိုင်ဒင်က ဗြိတိန်လေတပ်အခြေစိုက်စခန်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ယမန်နေ့က ပြောကြားခဲ့သည်။

 

တရုတ်နှင့် ရုရှားနိုင်ငံတို့က ပြည်ပသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများလှူဒါန်းသကဲ့သို့ အလားတူ အမေရိကန်ပြည်ထောင်စုနှင့်ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးများလှူဒါန်းကြရန် လိုအပ်ကြောင်း ဘိုင်ဒင်က အလေးပေး ပြောကြားခဲ့သည်။

 

ဤရာစုနှစ်၏အဆိုးရွားဆုံးစိန်ခေါ်မှုများကို ဖြေရှင်းရန် မိမိတို့အနေဖြင့် အတူတကွလုပ်ဆောင်သွားကြမည်၊ နေအိမ်မှာသာမက နေရာအနှံ့တွင်ပါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အဆုံးသတ်ရန် လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို