ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်မှ အရှေ့တောင်အာရှ မြားပစ်အဖွဲ့ချုပ်၏ ရာသက်ပန် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ နှင့် Golden Award ဆုအား ဒေါက်တာခင်ရွှေအားချီးမြှင့်

ရန်ကုန် ၂၅  မတ် 

 


ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ရာဇမင်္ဂလာအားကစားကွင်းတွင် ကျင်းပသည့် ၄၁ ကြိမ်မြောက် အာရှမြားပစ်ပြိုင်ပွဲတွင် ကမ္ဘာ့မြားပစ်အဖွဲ့ချုပ်က အရှေ့တောင်အာရှ ရာသက်ပန်ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ နှင့် Golden award ဆုအား အာရှမြားပစ်အဖွဲ့ချုပ်၏ ဒုတိယဥက္ကဌအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာနိုင်ငံ မြားပစ် အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်နာယက ဒေါက်တာခင်ရွှေအား ယနေ့ နံနက်ပိုင်းက အဆိုပါ အားကစားကွင်းတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။ 

 


အဆိုပါဆုကို ကမ္ဘာ့မြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ အရှေ့တောင်အာရှမြားပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Sanguan Kosavinta က မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်နာယက ဒေါက်တာခင်ရွှေ အား ချီးမြှင့်သည်။

 


ဆုချီးမြှင့်ပွဲတွင် ကမ္ဘာ့မြားပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Mr. Tom Delan က '' ကမ္ဘာ့မြားပစ်ပြိုင်ပွဲတစ်ခုကို မြန်မာနိ်ုင်ငံတွင် ကျင်းပမည်ကိုသိရှိရသည့် အတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိအနေဖြင့်လည်း မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်ကို အစစအရာရာ ကူညီပံ့ပိုးပေးမည်ဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် အိုလံပစ် ငါးကြိမ် တိုင်တိုင် ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်နိ်ုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ မြားပစ် အဖွဲ့ချုပ်ကို အထူးပင်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် ဂျပန်နိုင်ငံတိုကျိုမြို့တွင် ကျင်းပ ပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်မည်ဟုယုံကြည်ပါကြောင်း '' ဂုဏ်ပြုပြောကြားသည်။ 

 


မတ် ၂၄ မှ မတ် ၃၁ ရက်ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာဇမင်္ဂလာအားကစား ကွင်းတွင် ကျင်းပနေသည့် ကမ္ဘာ့အဆင့်သတ်မှတ်ရေးအတွက် အာရှဖလား မြားပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး ဦးဆောင်ပြီး နည်းပြ ၄ ဦး၊ အာကစားသမား ၁၁ ဦးတို့ သွားရောက်ခဲ့သည်။

 


ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပနေသည့် ၄၁ ကြိမ်မြောက် အာရှ ဖလား မြားပစ်ပြိုင်ပွဲတွင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ 

 

(မင်းသစ်)