ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ  အပျော်စီးရေယာဉ်ဖြင့် လာရောက်လည်ပတ်

နေပြည်တော် ၃၀  စက်တင်ဘာ

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု       Sanctuary Retreats Myanmar Limited ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အစ္စရေးနိုင်ငံသားဧည့်သည်(၃၅) ဦးသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့မှ စက်တင်ဘာလ (၂၁) ရက်နေ့အထိ RV Sanctuary Ananda အပျော်စီးရေယာဉ်ဖြင့် ရန်ကုန်- ဟုမ္မလင်း- ညောင်ပင်သာရွာ- စစ်သောင်မြို့- မော်လိုက်မြို့- မစိန်မြို့- မင်းကင်းမြို့- မောက္ကတော်ရွာ- လက်ပံစုရွာ- ကနီမြို့- မုံရွာမြို့- ရွှေပြည်သာရွာ- ပုဂံ (ညောင်ဦး) မြို့- ရန်ကုန် ခရီးစဉ်များသို့ လည်ပတ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပသို့ ပြန်လည်ထွက်ခွာသွားကြသည်။

 

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ဒုတိယမြစ်ကျဉ်းသဘာဝအလှအပရှုခင်းများ၊ ရေလုပ်သားတို့၏ လူနေမှုဓလေ့စရိုက်နေထိုင်မှုပုံစံများ၊ ဆင် စခန်း၊ ရိုးရာအိုးလုပ်ငန်းနှင့် ညနေနေဝင်ဆည်းဆာ အလှအပများအား ခံစားသိရှိလို၍ ဧရာဝတီ မြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့်ခရီးစဉ်များကို ပိုမိုတိုးတက်လည်ပတ်လျှက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်