ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀ (ဂျီ-၂၀) ထိပ်သီးအစည်းအဝေး ရောမမြို့၌ စတင်ကျင်းပ

ရောမ အောက်တိုဘာ ၃၁

ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ၂၀ (ဂျီ-၂၀) ထိပ်သီးအစည်းအဝေးကို အီတလီနိုင်ငံ ရောမမြို့၌ ယနေ့စတင်ကျင်းပသည်။

အဆိုပါအစည်းအဝေး၌ လောင်စာဆီဈေးမြင့်တက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေး သွားဖွယ်ရှိသည်။ ထို့ပြင် မြို့ပြနှင့်ကျေးလက်ဒေသ ကွာဟချက်များကို ဖယ်ရှားရန် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအပေါ် ခေါင်းဆောင်များက အမြင်ချင်း ဖလှယ်ကြမည်ဖြစ်သည်။

ထို့ပြင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်ရေးလုပ်ငန်းစဉ်များကိုလည်း ခေါင်းဆောင်များက ဆွေးနွေးနိုင်ဖွယ် ရှိသည်။ ထိပ်သီးအစည်းအဝေး၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အီတလီနိုင်ငံက ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို သုညအထိ လျှော့ချကြရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းနိုင်ဖွယ်ရှိသည်။ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပြီးနောက် ဗြိတိန်နိုင်ငံ၌ ကျင်းပမည့် COP26 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး၌ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လျှော့ချရေးအတွက် ဆွေးနွေးရန် မျှော်လင့်ရသည်။

ဂျပန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ၂၀၅၀ ပြည့်နှစ်မတိုင်မီ ၎င်းတို့၏ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုရာခိုင်နှုန်းကို သုညအထိလျှော့ချသွားရန် ဆုံးဖြတ် ထားသည်။ တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့က အဆိုပါ ရည်မှန်းချက်ကို ၂၀၆၀ ပြည့်နှစ်တွင် လုပ်ဆောင်ရန် စီစဉ်ထားသည်။

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသည် နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး ဖြစ်လာသည်။ အစည်းအဝေး၏ထုတ်ပြန်ချက်ကိုအောက်တိုဘာ ၃၁ ရက်တွင် ကြေညာသွားမည်ဖြစ်သည်။

ကိုးကား- အင်န်အိတ်ချ်ကေ ဘာသာပြန်- အောင်ကျော်ကျော်