ကာတာအိုးပင်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ   ၃၂   ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၂) အီတလီနာမည်ကျော် တင်းနစ်ကစားသမား ဂျန်းနစ်ဆင်းနားသည် ပြိုင်ဘက် ချက်ဇ်တင်းနစ်ကစားသမား တိုမတ်စ် မာဟတ်ချ်ကို ၆-၁၊ ၆-၄ ရလဒ်ဖြင့် အနိုင်ယူကာ ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

၎င်းသည် ယခုပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သော်လည်း နာမည်ကြီး ဆားဘီးယားတင်းနစ်အကျော်အမော် နိုဗက်ခ် ဂျိုကိုဗစ်ကို   ၆-၃၊ ၃-၆၊  ၆-၄၊  ၄-၆၊  ၄-၆ ရလဒ်ဖြင့်  ရှုံးနိမ့်ကာ နောက်တစ်ဆင့်တက်လှမ်းခွင့် လွဲချော်ထားသူဖြစ်သည်။

အသက် ၂၄ နှစ်အရွယ် ဆင်းနားသည် ကာတာအိုးပင်း ၁၆ ဦးအဆင့်တွင် ဩစတြေးလျတင်းနစ်ကစားသမား  အလက်ဇီပိုပီရင်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပိုပီရင်သည် ၃၂ ဦးအဆင့်တွင် ကာတာတင်းနစ်ကစားသမား မူဘာရက်အယ်ဟာရာစီနှင့် တွေ့ဆုံခဲ့ပြီး ၆-၀၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦးအဆင့်သို့ တက်လှမ်းလာသူဖြစ်သည်။

မိုးဇက်