ကလိန်အောင် ၊၂၁ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိရာ ဆောင်းရာသီကာလမှစတင်၍ ဆောင်းသီးနှံအဖြစ် ဒေသထွက်ကုန်တစ်ခုဖြစ်သည့် နှမ်းအပင်များကို စီးပွားဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးလာကြကြောင်း ကလိန်အောင်မြို့ရှိ စိုက်ပျိုးတောင်သူ တစ်ဦးထံမှ သိရသည်။
“မနှစ်ကတော့ မိုးအကုန် ဆောင်းအကူးရာသီဆို ပြောင်းဖူးပင် စိုက်ပျိုးပါတယ်။ ဒီနှစ်ကျတော့ အပူအရှိန်ကပြင်း၊ မိုးကလည်းကြီးပြန်ဆိုတော့ တခြားသီးနှံပင် စိုက်ပျိုးရတာ အဆင်မပြေဘူး။ ဒါကြောင့် ဆောင်းရာသီမှာ ကုန်ကျစရိတ်လဲ သက်သာတယ်၊ အပင်ကိုလည်း သိပ်ဂရုစိုက်မလိုဘဲ အပျက်အစီးနည်းပြီး တွက်ချေကိုက်တဲ့ နှမ်းသီးနှံအပင်ကို စီးပွားဖြစ်စိုက်ပျိုးလာပါတယ်” ဟု နှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။
နှမ်းပင်များကို စိုက်ပျိုးရာတွင် တစ်ဧကကို မျိုးစေ့နှစ်ပြည့်ခန့် စိုက်ပျိုးလျက်ရှိပြီး တစ်ဧက ကုန်ကျစရိတ်မှာ ငွေကျပ်နှစ်သိန်းခွဲနှုန်းသာ ကုန်ကျကာ စတင်စိုက်ပျိုးချိန်မှစ၍ သုံးလခွဲနှင့် လေးလတွင် ရိတ်သိမ်းပြီး ထားဝယ်မြို့ ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် တောင်သူအများစုမှာ ဆောင်းသီးနှံအဖြစ် ပြောင်းဖူး၊ ကြံပင်များ စိုက်ပျိုး ကြသော်လည်း ရာသီဉတု ဖောက်ပြန်မှုကြောင့် ယခုအခါတွင် အစားထိုး၍ နှမ်းသီးနှံပင်များကို စိုက်ပျိုးလာကြသည်။
မိုးမိုးခိုင် (ပြန်/ဆက်)


