ကလေးတို့ အချစ်တော် အမွှေစိန်လေး မာရှားအကြောင်း

၁၃  အောက်တိုဘာ

အသက်(၆)နှစ်အရွယ် ပန်းရောင်ဂါဝန်လေးနဲ့ ခေါင်းဆောင်းလေးကိုဆောင်းပြီး ပြဿနာပေါင်းစုံရှာတတ်တဲ့ ချစ်စရာကောင်မလေးမာရှားကို သိကြလား။ မမတို့တိုင်းပြည်မှာတော့ သူ့ကိုအမွှေစိန်ဆိုပြီး လူသိများကြတယ်။ မာရှားက တီထွင်တတ်တယ်၊ သနားတတ်တယ်၊ မျက်နှာပြောင်သလို ကစားဖို့ဆိုရင် ထိပ်ဆုံးကပါတတ်တယ်။ သူက ရုရှားနိုင်ငံရဲ့ ကာတွန်းဇာတ်လမ်းတွဲတစ်ခုထဲက ဇာတ်ကောင်လေးဖြစ်ပြီး ကမ္ဘာအရပ်ရပ်က ကလေး၊ လူကြီးအားလုံးက သူ့ကို ချစ်ကြပါတယ်။

Masha and The Bear ဆိုတဲ့ဇာတ်လမ်းတွဲထဲမှာ မာရှားလေးဟာမွေးဖွားလာ ခဲ့တယ်။ ရုရှားသူလေးမာရှားဟာ တောထဲမှာ သူ့ဝက်၊ ဆိတ်၊ ခွေးတို့နဲ့အတူ ဆော့လေ့ရှိတာပေါ့။ သူနေတဲ့တောထဲက တိရစ္ဆာန်လေးတွေက သူ့ကိုကြောက်ကြ တယ်။ သူနဲ့ကစားရမှာ တော်တော်လေးကြောက်ကြတာကို သူကမသိဘဲ အမြဲသူငယ်ချင်းတွေကို ခေါ်တတ်သူပေါ့။ မာရှားလေးဟာတစ်နေ့မှာ လိပ်ပြာ လေးနောက်ကို လိုက်ရင်းနဲ့ ဝက်ဝံကြီးတစ်ကောင်နေတဲ့အိမ်ထဲကို ရောက်သွား သတဲ့။ ငါးဖမ်းသွားပြီး ပြန်လာတဲ့ ဝက်ဝံကြီးဟာ အမွှေစိန်လေးမာရှားပြဿနာ မျိုးစုံရှာထားတဲ့ အပျက်စီးပုံကြီးကိုကြည့်ပြီး အံ့ဩနေရှာတာပေါ့။ သူဘယ်လို ကြိုးစားပြီးပြင်ဆင်ပေမယ့် မာရှားလက်က မလွတ်နိုင်တဲ့ ဝက်ဝံကြီးနဲ့ မာရှားဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားသတဲ့။ ဒါကတော့ ဇာတ်လမ်း ရဲ့အစပေါ့ ကလေးတို့ရယ်။

ရုရှားနိုင်ငံသား ကာတွန်းရုပ်ရှင်ပညာရှင် Oleg Kuzovkov က ဖန်တီးပေး လိုက်တဲ့ အမွှေစိန်လေး မာရှားဟာ အခုအချိန်ထိအတွဲပေါင်း လေးခု၊ အခန်းပေါင်း ၈၁ ခန်းအထိ ဇာတ်လမ်းတွေ ထွက်ခဲ့ပြီးပါပြီ။ အခန်းတစ်ခန်းကို ခုနစ် မိနစ်ဝန်းကျင်သာ ကြာမြင့်ပေမယ့် ကလေးတို့စိတ်ကို ဖမ်းစားနိုင်တဲ့အတွက် ၂၀၀၉ ဇန်နဝါရီ ၁၈ ရက်က စတင်ထုတ်လွှင့်ခဲ့ချိန်ကနေ ယနေ့အထိ ၁၀ နှစ်ကျော် အောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးပေါ့။

မာရှားလေးရဲ့ Recipe for Disaster ဆိုရင် အွန်လိုင်းကြည့်ရှုသူ ၄ ဒသမ ၁ ဘီလီယံအထိရှိလာခဲ့သလို မာရှားလေးရဲ့ ဇာတ်လမ်းထဲမှာ Bon Appe' tit နဲ့ Laundry Day တို့ဟာ ကြည့်ရှုသူ အလားတူဦးရေနဲ့ The Foundling ဆိုရင် ကြည့်ရှုသူ သန်း ၇၈၀ ထိရှိနေခဲ့ပါတယ်။

ကြင်နာတတ်တဲ့ဝက်ဝံကြီးကတော့ အမွှေစိန်လေးမာရှားပြဿနာရှာ သမျှကို ခွင့်လွှတ်ပေးပြီး ကြင်ကြင်နာနာ စောင့်ရှောက်ထားပါတယ်။ မာရှား ဇာတ်ကောင်လေးရဲ့ ကာတွန်းဖန်တီးမှုတွေမှာ အတော်လေးကို လူသဏ္ဌာန် ထပ်တူပြုထားတာကို ကလေးတို့ သတိထားမိကြသလား။ မာရှားလေးက ဝက်ဝံကြီးကို ပြဿနာရှာချိန်တိုင်း “ပြုံးစစ” လုပ်နေတဲ့ဟန်ပန်လေးတွေ၊ သနားစရာမြင်ရတဲ့အခါတိုင်း သနားတတ်လွန်းတဲ့ အမူအရာလေးတွေ၊ ဆော့စရာကြုံလာတိုင်း သဘောကျတတ်တဲ့ မာရှားလေးရဲ့မျက်နှာအမူအရာ လေးတွေဟာ ဖန်တီးသူတွေရဲ့ ကြိုးစားမှုတွေကြောင့် ရလာခဲ့တာပေါ့ ကလေးတို့ရေ။

 

72349964_2385860768321084_8542941980424929280_

 

မာရှားလေးရဲ့ အသံကိုတော့ ရုရှားကမမ Alina Kukushkina က သရုပ်ဆောင်ထားပြီး အင်္ဂလိပ်လို အသံသွင်းတဲ့အခါမှာတော့ မမ Giselle Nieto၊ Elsie Fisher နဲ့ Rebecca Bloom တို့က သရုပ်ဆောင်ပေးထားကြပါတယ်။ အမွှေစိန်လေး မာရှားရဲ့ ဇာတ်လမ်းတွေကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဘာသာ စကားပေါင်း ၂၅ မျိုးနဲ့ ပြသထုတ်လွှင့်ထားပါတယ်။

မာရှားရဲ့ဇာတ်ကားလေးတွေထဲကနေ ကလေးတို့အတုယူဖို့၊ သတိထားဖို့နဲ့ သင်ယူကြဖို့ အထောက်အပံ့တွေ အများကြီးရနိုင်ပါတယ်။ ဥပမာပြောရရင် ကလေးတွေသိပ်ဆော့ကြ၊ သောင်းကျန်းကြတဲ့အခါ လူကြီးတွေ ပင်ပန်းရတယ်။ သူတစ်ပါးကို ပြဿနာဖြစ်အောင်လုပ်ရင် ကိုယ်လည်းပြဿနာဖြစ်တတ်တယ် ဆိုတာအပြင် ကြင်နာသနားစိတ်၊ ချစ်ခင်စိတ်နဲ့ သူငယ်ချင်းအချင်းချင်းကူညီဖေးမဖို့လိုတယ် ဆိုတာတွေကို သိနိုင်ပါတယ်။

မမတို့ဆီက အခပေးရုပ်သံလိုင်းတွေနဲ့ အခမပေးရတဲ့ ရုပ်သံလိုင်းတွေက ကလေးအစီအစဉ်တွေမှာ မာရှားလေးကို မြန်မာနောက်ခံစကားပြောနဲ့ ကြည့်ရှု နိုင်တာကိုလည်း တွေ့ရပါတယ်။ ကလေးတို့ဆီမှာရော အဆော့သန်ပြီး ပြဿနာ ရှာတတ်သလို ချစ်စရာလည်းသိပ်ကောင်းပြီး သနားကြင်နာတတ်တဲ့၊ အစားပုပ် တဲ့ မာရှားလိုသူငယ်ချင်းမျိုး ရှိကြလား။ ရှိရင်သူနဲ့တူတဲ့ အမွှေစိန်လေးမာရှား အကြောင်း ပြောပြလိုက်ကြပါဦးနော်။ ။

ကေ-ဂျူဝယ်လ်