ကလော ၁၇ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးခြင်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီက လွယ်အံကျေးရွာအုပ်စု၊ ကြေးကုန်းကျေးရွာ ရွာဂုဏ်ရောင် ကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ပက်သက်သည့် စည်းမျဉ်းစည်းကမ်းများ၊ ချေငွေများဖြင့် လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ကျေးရွာသူကျေးရွာသားများအတွက် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နိုင်ရန် ရယ်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကော်မတီဝင်များက ကြေးကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူ တောင်သူ ၂၁၆ ဦးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူ ၆ ဦးတို့အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်ရန်ပုံငွေ ကျပ် ၄၆၃ သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)


