ကြက်သား ထုတ်လုပ်မှုစားရိတ် မြင့်မားလာသည့်အတွက် ကြက်ခြံပိုင်ရှင်များ အရှုံးပေါ်နေ

မန္တလေး၂၈ သြဂုတ်

 

ကြက်သား ထုတ်လုပ်မှုစားရိတ် မြင့်မားလာသည့်အတွက် ကြက်ခြံပိုင်ရှင်များ အရှုံးပေါ်နေကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောသည်။

 

ကြက်သားပေါက်ဈေး မြင့်တက်ခြင်း၊ ကြက်ဥဈေးတက်ခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားခြင်းကြောင့် ကြက်မွေးမြူရေး လုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း သိရသည်။ 

 

4

 

"လက်တလောမှာ ထုတ်လုပ်မှုစရိတ်က မြင့်ပြီး အရှုံးပေါ်နေတယ်။ ပြည်ပက တင်သွင်းတာက အသားစား ကြက်ပေါက်နဲ့ ကြက်စာကိုတင်သွင်းတယ်။ ထုတ်လုပ်မူစရိတ် လျော့ကျအောင်ဆိုရင် ကြက်ပေါက်ဈေးနဲ့ ကြက်စာဈေးသက်သာဖို့ လိုတယ် ”ဟု ဒေါက်တာကျော်ထင်က ပြောသည်။

 

လက်ရှိအချိန်တွင် ကြက်သားပေါက်ဈေးမှာ တစ်ကောင်လျှင် ၈၀ဝ ကျပ်နှုန်းဝန်းကျင်တွင်ရှိနေပြီး ကြက်ပေါက်များ လုံလောက်အောင် တင်သွင်းရန်လိုအပ်ကြောင်း သိရသည်။

 

ကြက်ခြံများတွင် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်ပိသာကို ၂၇၀ဝ ကျပ် ဝန်းကျင်ရှိနေပြီး ရောင်းချရသည့် ဈေးနှုန်းမှာ တစ်ပိသာကို ၂၄၀ဝ ကျပ် ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။ 

 

"ကြက်ပေါက်ဈေးက အမှန်တကယ်ဆိုရင် ၇၀ဝ ထက် မကျော်သင့်ဘူးလို့ ဆွေးနွေးခဲ့တယ်။ ၅၀ဝ ၊ ၆၀ဝ ပဲ ဖြစ်သင့်တယ်''ဟု ဒေါက်တာကျော်ထင် က ဆိုသည်။ 

 

ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးမှုများ ဖြစ်ပွားခြင်း၊ ရှမ်းပြည်နယ်ရှိ ဒေသအချို့တွင် မငြိမ်သက်မှုများ ဖြစ်ပွားခြင်း ရှိနေသည့်အတွက် ကြက်သားဈေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။

 

"မိုးရွာတာများတဲ့အတွက် ဖားကန့်က ကြက်က ပို့မရဘူး။ ရှမ်းမြောက်မှာလည်း ပြသနာတွေ ရှိသွားတော့ ကုန်စည်စီဆင်းမူ ထစ်သွားတယ်။ အောက်ပိုင်းမှာလည်း ရေကြီးတာနဲ့ဆိုတော့ အသားစားကြက်ဆိုတာပုံမှန် ဥတက်ရမယ်။ ထုတ်ရမယ် ရှိတာပေါ့ အဲဒီမှာ ပုံမှန်မထုတ်နိုင်တော့ ဈေးနှုန်းတွေ ကျဆင်းသွားတာပေါ့ '' ဟု မြန်မာနိုင်ငံ ကြက်မွေးမြူရေးအသင်း ဒုဥက္ကဋ္ဌ ၁ ဒေါက်တာနေသူရိန် ကပြောသည်။ 

 

ကြက်မွေးမြူသည့် လုပ်ငန်းရှင်များမှာ ယခုလို အခက်ခဲများရှိနေခြင်းကြောင့် အသားစားကြက် မွေးမြူရေးဆိုင်ရာ ဆွေးနွေးပွဲကို Perfect Hotel တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

 

မန္တလေးတိုင်းအတွင်းတွင် ကြက်သားပေါက်မွေးမြူသည့် အကောင်ရေ သိန်း ၃၀ ခန့်ရှိကြောင်းသိရသည်။ 

 

အိမို့မို့ခိုင်