ကချင်ပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့ နေပြည်တော်ရှိ အထင်ကရ နေရာများသို့ သွားရောက်လေ့လာ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

နေပြည်တော်၌ ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် ကချင်ပြည်နယ် ရိုးရာယဉ်ကျေးမှု အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။ 

ရှေးဉီးစွာ ကချင်ပြည်နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့သည် မြန်မာ့ကျောက်မျက်ရတနာ ပြတိုက် (နေပြည်တော်) သို့သွားရောက်၍ ပြခန်းမဆောင်အတွင်း ခင်းကျင်း ပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတပစ္စည်းများကို လေ့လာကြည့် ရှုကြသည်။ 

ထို့နောက် ယဉ်ကျေးမှုအဖွဲ့သည် နေပြည်တော် လွှတ်တော်အဆောက်အအုံများကို ဆက်လက်လေ့လာကြရာ ပြည်ထောင်စုလွှတ်တော် ဧည့်ကြိုဆိုရေးအဆောင်၌ ပြသထားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အထိမ်းအမှတ်ဖြစ်သော ယွန်းထည်ဆွမ်းအုပ်ကြီးနှင့် သစ်အမျိုးအစား ၉၂ မျိုးတို့ကို ကြည့်ရှုကြပြီး မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကြသည်။ 

ယင်းနောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမနှင့် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမများသို့ လေ့လာကြရာ တာဝန်ရှိသူများက လွှတ်တော်အသီးသီး၏ လုပ်ငန်းဆောင်ရွက်ပုံနှင့် လွှတ်တော်ရေးရာ ဗဟုသုတများကို ရှင်းလင်းပြောကြားသည်။

ထိုမှတဆင့် ယဉ်ကျေးမှုအဖွဲ့သည် အမျိုးသားပြတိုက်၊ ဆာဖာရီဥယျာဉ်နှင့် တပ်မတော် စစ်သမိုင်းပြတိုက်များသို့လည်း ဆက်လက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်