ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပါ

၁၁ စက်တင်ဘာ

ကိုယ်ဝန်ရှိပြီဆိုရင် နှစ်ယောက်စာ စဉ်းစားရတယ်နော်။ ဘာလုပ်လုပ် နှစ်ယောက်စလုံး အဆင်ပြေ မလားပေါ့။ ဒီတစ်ခေါက်တော့ မေမေရော ဘေဘီလေးပါ အဆင်ပြေစေမယ့် အရာလေးတစ်ခု ပြောပြပေးမယ်နော်။

 

ဒါကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်ပါဆိုတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ အထောက်အကူ ပေးနိုင်ပါတယ်။

 

တော်တော်များများ လက်ခံထားတာက ကိုယ်ဝန်ဆောင်ချိန်မှာ အရမ်းမလှုပ်ရှားရဘူးလို့ပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မလှုပ်ရှားရဘူး ဆိုပေမယ့် လေ့ကျင့်ခန်းတော့ လုပ်ပေးလို့ ရပါတယ်။ ပေါ့ပေါ့ပါးပါး ဖြစ်မယ့် လေ့ကျင့်ခန်းမျိုး၊ ကိုယ်ဝန်ဆောင်တွေ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းမျိုးပေါ့။

 

ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်း လုပ်တဲ့အခါ

လေ့ကျင့်ခန်း လုပ်ရင် စိတ်ရောကိုယ်ပါ ကျန်းမာတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီလိုပါပဲ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက မေမေရော ဘေဘီလေးအတွက်ပါ အခုလို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

 

ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေ လျှော့ချပေးတယ်

၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ  လေ့ကျင့်ခန်းလုပ်တဲ့ မိခင်တွေက ခွဲမွေးရနိုင်ခြေ နည်းသလို ကိုယ်ဝန်ဆောင် ဆီးချိုခံစားရနိုင်ခြေလည်း နည်းပါတယ်။ ကိုယ်ဝန်ကြောင့် ခံစားရနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေလည်း နည်းပါတယ်။

 

မွေးဖွားရ လွယ်ကူတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်တာက မေမေရော ဗိုက်ထဲက ဘေဘီလေးကိုရောပါ ကိုယ်အလေးချိန် ထိန်းပေးနိုင်ပြီး ကလေးအဝလွန်တာ၊ မွေးဖွားရခက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ မိခင်ရော ဘေဘီလေးပါ ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ ကျန်းမာစေဖို့ တစ်ပတ်ကို ၃ ကြိမ် လေ့ကျင့်ခန်း လုပ်ပေးရုံပါ။

 

မွေးဖွားပြီးချိန်မှာ မြန်မြန် နလန်ထစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်တာက မွေးဖွားပြီးချိန်မှာ မြန်မြန် အားပြည့်ပြီး လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း လုပ်ဆောင်နိုင်စေပါတယ်။

 

စိတ်ခံစားမှု ကောင်းတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ စိတ်ကျရောဂါ။ ကလေးမွေးဖွားပြီးချိန်မှာ ခံစားရနိုင်တဲ့ စိတ်ဓာတ်ကျတာတွေကို ရှောင်ရှားချင်တယ် ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံး ဖြေရှင်းနည်းပါ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ခံစားမှုကို ကောင်းစေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။

 

သွေးပေါင်ကျ စေနိုင်တယ်

လေ့ကျင့်ခန်း လုပ်တာက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်တက်တာ၊ သွေးတိုးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ လမ်းပုံမှန် လျှောက်ပေးရင်ကို အဆင်ပြေပါတယ်။

 

ခါးနာ သက်သာစေတယ်

ကိုယ်ဝန်ဆောင် မေမေတိုင်း မလွဲမသွေ ခံစားရတဲ့ ပြဿနာက ခါးနာတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာရော မွေးဖွားပြီးချိန်မှာပါ ခါးနာတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခါးနာကို မခံစားချင်ဘူးဆိုရင် လေ့ကျင့်ခန်း လုပ်ပေးပါ။

 

ဒါတွေအပြင် ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးတာက

          ဟော်မုန်း အပြောင်းအလဲကြောင့် ပင်ပန်းနွမ်းနယ်တာ

          အိပ်မပျော်တာ နဲ့

          ဝမ်းချုပ်တာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Aye Thi Mon

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်