ကြို့ပင်ကောက်မြို့တွင် သောက်သုံးရေကန်များ သန့်ရှင်းရေးဆောင်ရွက်

 

 

ကြို့ပင်ကောက် ၈ ဇွန်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရွာမတောင်ရပ်ကွက် ကဝိမင်္ဂလာလမ်းထိပ်ရှိ သောက်သုံးရေကန်အား ရပ်ကွက်သူရပ်ကွက်သားများက သန့်ရှင်းရေးဆောင်ရွက်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလာသောကြောင့် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇွန် ၇ ရက်နှင့် ၈ ရက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မိုးဦးကာလရောက်ရှိလာပြီဖြစ်၍ သောက်သုံးရေကန်များအတွင်း သန့်ရှင်းသောသောက်သုံးရေများ သိုလှောင်ရန်အတွက် ဗေဒါများ၊ ရေမှော်များနှင့် အမှိုက်များ ရှင်းလင်းခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်ဦးဆောင်သော တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြသည်။

 

ဆက်လက်ပြီး အခြားသောရပ်ကွက်များအတွင်းမှ သောက်သုံးရေကန်များအား သန့်ရှင်းရေး ဆောင်ရွက်ရန်အတွက် အကူအညီများလိုအပ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)