ကိုပါအီတာလီယာဖလား (၁၄) ကြိမ်မြောက် ဂျူဗင်တပ်စ်အသင်း ဆွတ်ခူးပြီး ပြင်သစ်ဖလားကို ပီအက်စ်ဂျီအသင်း (၁၄) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့

ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲအဖြစ် မေ ၂၀ ရက် နံနက်ပိုင်းက အတ္တလန္တာအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျူဗင်တပ်စ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး (၁၄) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။

ယနေ့ပွဲစဉ်တွင် အတ္တလန္တာ အသင်းရော၊ ဂျူဗင်တပ်စ်အသင်းပါ မှတ်တမ်းသစ်ရေးထိုးနိုင်ရန် အကောင်း ဆုံး ပြင်ဆင်လာခဲ့သည့်အတွက် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ဦးဆောင်ဂိုးကို ဂျူဗင်တပ်စ်အသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၃၁ မိနစ်တွင် မက္ကင်နီ၏ ဖန်တီးပေးမှုမှတစ်ဆင့် ကလူဆက်စကီးက သွင်းယူပေးနိုင်ခဲ့သည်။ အတ္တလန္တာအသင်းကလည်း ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက် ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် ၄၁ မိနစ်တွင် မာလီနိုဗက်စကီးက သွင်းယူ ပေးနိုင်ခဲ့သည်။ ဂျူဗင်တပ်စ်အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၇၃ မိနစ်တွင် ကလူဆက်စကီး၏ ဖန်တီးပေးမှုမှတစ်ဆင့် ချီယေဆာက သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် နှစ်သင်းစလုံးလူစားလဲမှုများ ပြုလုပ်လာခဲ့သော်လည်း ပွဲချိန်ပြည့်သည်အထိ ထပ်မံဂိုးသွင်း ယူနိုင်ခြင်းမရှိသောကြောင့် ဂျူဗင်တပ်စ် အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေတွင် ရာသီပိတ် ပွဲစဉ်အဖြစ် ဘိုလော့ဂ်နာ အသင်းနှင့် မေ ၂၄ ရက်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် အဆိုပါပွဲစဉ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိသွားမလား စောင့်ကြည့်ရမည်ဖြစ်သည်။

ပြင်သစ်ဖလားဗိုလ်လုပွဲစဉ်အဖြစ် မေ ၂၀ ရက် နံနက်ပိုင်းက မိုနာကိုအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ရာ ပီအက်စ်ဂျီအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ပြင်သစ်ဖလားကို (၁၄)ကြိမ် မြောက် ဆွတ်ခူးနိုင်ခဲ့သည်။ ပီအက်စ်ဂျီအသင်းအတွက် ဂိုးများကို အီကာဒီနှင့် အမ်ဘတ်ပီတို့က ပွဲချိန် ၁၉ မိနစ်နှင့် ၈၁ မိနစ်တို့တွင် သွင်းယူပေးနိုင်ခဲ့သည်။

ပီအက်စ်ဂျီအသင်းသည် လာမည့် မေ ၂၄ ရက်တွင် လီဂူးဝမ်း ရာသီပိတ်ပွဲစဉ်အဖြစ် ဘရက်စ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ပီအက်စ်ဂျီအသင်းသည်လီဂူးဝမ်း အမှတ်ပေးဇယားကို ဦးဆောင်နေသည့် လိုင်လီအသင်းနှင့် ရမှတ်ကွာဟမှုတစ်မှတ်သာရှိသောကြောင့် ရာသီပိတ်ပွဲစဉ်က ချန်ပီယံကို အဆုံး အဖြတ် ပေးသွားဖွယ် ရှိနေသည်။

အောင်ဇော်