ကျိုင်းလပ် ၃၁ အောက်တိုဘာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် အသက် ၁ နှစ်မှ ၁၅ နှစ်အောက် ကလေးများအား ဆုံဆို့နာရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို အမှတ် (၁)ရပ်ကွက် ဝမ်လုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ထိုးနှံပေးခြင်းကို ကျိုင်းလပ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နမ့်ငေါ့ ကျေးလက်ကျန်းမာရေး ဌာနခွဲမှ သားဖွားဆရာမ ဒေါ်နန်းအိမ်နှင့် ဝန်ထမ်းများက အသက် ၁ နှစ်မှ ၃ နှစ်အထိ ကလေးငယ် များအား (Penta) ဆုံဆို့နာကာကွယ်ဆေးနှင့် အသက် ၃ နှစ်မှ ၁၅ နှစ်အရွယ် ကလေးများအား (DT/Penta) ဆုံဆို့နာ ကာကွယ်ဆေးများ အသက်အရွယ်လိုက် ထိုးနှံပေးခြင်းနှင့် ဆုံဆို့နာရောဂါ အကြောင်း ဆောင်ရန်/ ရှောင်ရန်နှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုံဆို့နာရောဂါ ကာကွယ်ဆေးကို အမှတ် (၁) ရပ်ကွက်အတွင်းရှိ အသက် ၁ နှစ်မှ ၁၅ နှစ်အရွယ် ကလေးငယ် စုစုပေါင်း ၁၀၇ ဦးအား ထိုးနှံပေးခဲ့ပြီး ကျိုင်းလပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၌ ကျန်ရှိနေသည့် ကလေးငယ်များအား ဆက်လက်ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)


