ကိုလံဘီယာ၌ စစ်တပ်သုံး ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ပွား ၁၁ ဦး သေဆုံး

၂၂ ဇူလိုင်

 

 

ကိုလံဘီယာနိုင်ငံ၌ UH-60 အမျိုးအစား စစ်ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားချိန်တွင် ရဟတ်ယာဉ်ပေါ်တွင် တပ်ဖွဲ့ဝင် ၁၇ ဦး လိုက်ပါခဲ့ပြီး လက်ရှိတွင် ၁၁ ဦး သေဆုံးခဲ့ပြီး  ခြောက်ဦး ဒဏ်ရာရရှိပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း ကိုလံဘီယာနိုင်ငံ စစ်ဘက်ဆိုင်ရာက ဇူလိုင် ၂၁ ရက် ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

 

 

အဆိုပါ ရဟတ်ယာဉ်သည် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် ကိုလံဘီယာနိုင်ငံ အရှေ့တောင်ပိုင်း Guaviare ပြည်နယ်မှ စတင်ထွက်ခွာခဲ့ပြီး တရားမဝင် လက်နက်ကိုင် အဖွဲ့တစ်ခုအား စစ်ဆင်ရေး ဆောင်ရွက်နေစဉ် အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး ကိုလံဘီယာ စစ်ဘက်ဆိုင်ရာများ အနေဖြင့် ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့ရာ နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်၏ အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်အလောင်း ၁၁ လောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

 

 

ကိုလံဘီယာနိုင်ငံ စစ်ဦးစီးချုပ်က အခင်းဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းနှင့် ဒဏ်ရာရရှိသူများ၏ အခြေအနေမှာ  ပြင်းထန်သဖြင့် အရေးပေါ် ကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြင့် ၎င်းတို့အား မြို့တော် ဘိုဂိုတာ သို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

 

 

စစ်တပ်၏ လေကြောင်းဌာနမှ မတော်တမဆ ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းရန်အတွက် အထူးကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်ဟု ဆိုသည်။

 

 

ကိုးကား-ဆင်ဟွာ

 

ဘာသာပြန်-မေဇော်ထက်