ကျိုက်မရောမြို့နယ်တွင် အောင်သပြေပန်းများ စီးပွားဖြစ်စိုက်ပျိုးလာကြသဖြင့် မိသားစုဝင်ငွေတိုး

ကျိုက်မရော၊ ၁၃ ဒီဇင်ဘာ  

 

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာ၌ မြေလွတ်များပေါ်တွင် အာဆီယံ အောင်သပြေပန်းများ စီးပွားဖြစ် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ အာဆီယံသပြေပန်းများကို စီးပွားဖြစ်စိုက်ပျိုးရာတွင် အချို့က အပင်ငယ်လေးများကို အလှပျိုးပင်အဖြစ် စိုက်ပျိုးထားရှိကာ အပင်ပေါက်သီးသန့် ရောင်းချရသဖြင့် ပို၍အဆင်ပြေကြောင်း၊ အောင်သပြေပန်းတစ်စည်းကို  ၁၀၀ ကျပ်သာ စျေးရရှိချိန်တွင် အပင်ပေါက်များကို အိုးများဖြင့်ပျိုး၍  အိမ်ခြံဝင်းအတွင်း အလှထားလိုသူများက ဝယ်လိုအား ပိုမိုကောင်း၍ စျေးလည်းပိုရကြောင်း၊ အလှစိုက် အာဆီယံ သပြေအိုးတစ်ခုလျှင် အနည်းဆုံး ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိရရှိကြောင်း၊ ကျိုက်မရောမြို့ နတ်စမ်း သပြေများကို မြို့ပေါ်မှာသာမက မုဒုံမြို့နှင့် မော်လမြိုင်မြို့ကြီးအထိပါ ပို့ဆောင်ရောင်းချနေရကြောင်း အာဆီယံ အောင်သပြေပန်း စီးပွားဖြစ်စိုက်ပျိုးသူ ခြံရှင် ဦးမောင်မြင့်က ပြောသည်။

 

အဆိုပါ အာဆီယံသပြေပင်ကို တစ်ပတ်လျှင် (၂)ကြိမ် ခူးရကြောင်းနှင့် အပင်များ ရှင်သန်ကြီးထွားဖို့ဆိုလျှင် မြေနေရာကျယ်ဝန်းသည့် မြေဆီလွှာကောင်းမွန်သော သဲမြေ၊ နှုန်းမြေများပေါ်တွင် စိုက်ပျိုးပါက ပိုမိုရှင်သန်ဖြစ်ထွန်းပါကြောင်း၊ သပြေက ရေအလွန်ကြိုက်တာမို့ နေ့စဉ်ရေလောင်းပေးမှသာ လန်းလန်းဆန်းဆန်းနှင့် လှပသော သပြေပန်းများကို မြင်သူတကာ ဝယ်ယူအားပေးကြသဖြင့် ဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။

 

ချိုချို (ပြန်/ဆက်)