ကျိုက်ဒုံမြို့၌ ကွမ်းသီးများ စျေးကောင်းရရှိသောကြောင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ ဝင်ငွေကောင်း

ကျိုက်ဒုံ ဒီဇင်ဘာ ၉

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့သည် ကွမ်းသီးများစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ဒေသခံများ၏ အဓိကစီးပွားရေးဖြစ်သည့် ကွမ်းသီးလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း သိရသည်။

 

ယခင်နှစ်က ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကုန်စည်စီးဆင်းမှု နည်းပါးခဲ့ပြီး ကွမ်းသီးများ စျေးနှုန်းကျဆင်းခဲ့သောကြောင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူများ ဝင်ငွေနည်းပါးခဲ့သည်။ ယခုနှစ်တွင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကျိုက်ဒုံမြို့ပေါ်၌ ရှယ်ကွမ်းသီး တစ်ပိဿာလျှင် ကျပ် ၆၀၀၀၊ အညိုသီး တစ်ပိဿာလျှင် ကျပ် ၅၄၀၀၊ ကွမ်းသီးအစိမ်း အလုံး(၁၀၀)လျှင် ကျပ် ၂၅၀၀ အထိ စျေးနှုန်းရရှိနေခြင်းကြောင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ အဆင်ပြေလျက်ရှိသည်။

 

ကွမ်းသီးပေါ်ချိန်၌ ဒေသနေပြည်သူများသည် အလုပ်အကိုင် ရှားပါးမှုမရှိဘဲ ကွမ်းသီးခုတ် လုပ်သားတစ်ဦး၏ နေ့စဉ်ပုံမှန်ဝင်ငွေသည် တစ်ရက်လျှင် ကျပ် ၆၀၀၀ အထိ ရရှိကြောင်း၊ အဆိုပါ ကွမ်းသီးများကို ကွမ်းသီးရောင်းဝယ်နေသူများမှ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ မော်လမြိုင်၊ ကော့ကရိတ်မြို့ အထိ တင်ပို့ရောင်းချကြကြောင်း ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

 

သန်းထွန်းနိုင် (ကျိုက်ဒုံ ပြန်/ဆက်)