အုတ်ဖို ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၀ရက်နေ့က ကျန်းမာရေးကောင်းမွန်သူ(၅၆)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
မြို့နယ်အတွင်း သီးသန့်ထားရှိရာနေရာအသီးသီးမှ ကျန်းမာရေးကောင်းမွန်သူ (၅၆)ဦးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ် များပေးအပ်ကာ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက်ကြာ နေထိုင် ကြရန်နှင့် ကျန်းမားရေးအသိပညာပေးအမှာစကားများ ပြောကြားပေးခဲ့ပြီး လူမှုကူညီရေး အသင်းကားများဖြင့် နေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ဇူလိုင် ၂၀ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၁၀၆၉ ဦးအနက် (၃၈၅) ဦးထိ ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး သေဆုံးသူ(၃၉)ဦးထိရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အောင်သူ(အုတ်ဖို)