ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် နယ်စပ်ဒေသများပိတ်ထားရန် အစ္စရေးအား ပါလက်စတိုင်း တောင်းဆို

ရာမယ်လာ ၇ ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်ရန်အတွက် နယ်စပ်ဒေသများ အားလုံးကို ပိတ်ထားရန် အစ္စရေးနိုင်ငံအား ပါလက်စတိုင်းက ယနေ့တွင် တောင်းဆိုထားပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု၏ အဓိက အကြောင်းရင်းများအနက် တစ်ခုဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

 

အနောက်ဘက်ကမ်းသို့ အဓိကဝင်ပေါက်များတွင် ထိန်းချုပ်ရေးဆောင်ရွက်ချက်များ တိုးမြှင့်လုပ်ဆောင်ရန် ပါလက်စတိုင်း၏ တောင်းဆိုမှုကို အစ္စရေးက ငြင်းဆိုထားခြင်းကြောင့် နယ်စပ်ဒေသများ ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ ပါလက်စတိုင်းနိုင်ငံက ကုလသမဂ္ဂ အပစ်အခတ်ရပ်စဲရေး ကြီးကြပ်မှုအဖွဲ့ထံသို့ တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးများအဖွဲ့ အပတ်စဉ် အစည်းအဝေးဖွင့်ပွဲတွင် ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက်အစ်ရှ် တာယီက ပြောကြားခဲ့သည်။


မှတ်ချက်ပြုပြောကြား

 

ပါလက်စတိုင်းနိုင်ငံ၌ ရောဂါကူးစက်မှု၏ ၁၈ ရာခိုင်နှုန်းသည် အစ္စရေးနိုင်ငံနှင့် ဆက်နွှယ်မှုရှိခဲ့ကြောင်းနှင့် ကူးစက်ဖြစ်ပွားမှုအများစုသည် အစ္စရေးနိုင်ငံ၏ ထိန်းချုပ်မှုအောက်ရှိ နယ်မြေများတွင် ပြုလုပ်သည့် မင်္ဂလာပွဲများနှင့် ဆက်နွှယ်မှုရှိကြောင်းလည်း ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက် အစ်ရှ်တာယီက မှတ်ချက်ပြုပြောကြားခဲ့သည်။


ပါလက်စတိုင်းအစိုးရက အနောက်ဘက် ကမ်းတစ်လျှောက်တွင် ခရီးသွားလာခွင့်ပိတ်ပင်မှုတစ်ရပ် ချမှတ်ကြောင်းကို ပြီးခဲ့သည့်တစ်ပတ်က ကြေညာခဲ့ပြီး ပါလက်စတိုင်း သမ္မတ မာမွန်အဘတ်စ်ကလည်း ယနေ့တွင် ရက်ပေါင်း ၃၀ ကြာ အရေးပေါ်အခြေအနေ တစ်ရပ်ကို ထပ်မံကြေညာခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် ပါလက်စတိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၇၆၈ ဦးရှိခဲ့ကြောင်း နှင့် သေဆုံးသူ ၂၁ ဦးရှိခဲ့ကြောင်းလည်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-အလင်းသစ်