ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အသက် ၁၀၇ နှစ်အရွယ် အီဂျစ် အမျိုးသမီးကြီးတစ်ဦး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာ

၈ ဇူလိုင်

 

 

အီဂျစ်နိုင်ငံ မင်ယာပြည်နယ်ရှိ အသက် ၁၀၇ နှစ်အရွယ် အီဂျစ်အမျိုးသမီးကြီး တစ်ဦးသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမှ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသည်ဟု အီဂျစ်အစိုးရက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

နာဘာဝီယာ မိုဟာမက် အမည်ရှိ ထိုအမျိုးသမီးကြီးသည် ကိုဗစ်-၁၉ ရောဂါလုံးဝ ပျောက်ကင်းအောင် ကုသမှုခံယူခဲ့ပြီးနောက် ကျန်းမာရေး ကောင်းမွန်လာသဖြင့် မကြာသေးမီကပင် ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့ကြောင်း အီဂျစ်ဒေသန္တရ ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  ထိုအမျိုးသမီးသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ခံခဲ့ရပြီး ဇွန် ၂၅ ရက်နေ့တွင် ဆေးရုံတက်ခဲ့ရသည်။

 

 

ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဇူလိုင် ၆ ရက်နေ့က မာတေ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း ၎င်း၏ သားဖြစ်သူ ရှီဟာတာ မာဆော့ဘ် က အတည်ပြု ပြောကြားခဲ့သည်။

 

 

၎င်းမိသားစုတွင် သားသမီး သုံးယောက်နှင့် မြေး ၂၅ ယောက်ရှိပြီး ထိုသတင်းကောင်းအတွက် ဝမ်းသာပျော်ရွှင်မိသည်ဟု မာဆော့ဘ် က ဆိုသည်။

 

 

အီဂျစ်နိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူ ၃၄၈၉ ဦး နှင့် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၂၁၇၁၈ ဦး အပါအဝင် ကူးစက်ခံရသူ ၇၇၂၇၉ ဦး ရှိသည်ဟု ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို