ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး လူတိုင်းလူတိုင်း တက်ကြွစွာပါဝင်ပေး

မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အစုလိုက် ဖြစ်ပွားလာခဲ့သည်။ အစုလိုက်ဖြစ်ပွားလာရခြင်းမှာ မြန်မာနိုင်ငံ၏အနောက်ဘက် နယ်စပ်မြို့ အချို့တွင် စတင်တွေ့ရှိလာရပြီး ယခုအခါ အဆိုပါမြို့များကို နေအိမ် အတွင်းသာ နေထိုင်ရေး (Stay at Home) အစီအစဉ်ထုတ်ပြန်ကာ ရောဂါကာကွယ် ထိန်းချုပ်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မေလ ၂၆ ရက်နေ့ ည ၈ နာရီမှ မေလ ၂၇ ရက်နေ့ ည ၈ နာရီအတွင်း တစ်ရက်တာ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၇၈၈ ခုအား စစ်ဆေးပြီးစီးမှုအရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၆ ဦးတွေ့ရှိခဲ့ရသည်။ မေလ ၂၇ ရက်နေ့ ည ၈ နာရီမှ မေလ ၂၈ ရက်နေ့ ည ၈ နာရီ အတွင်း တစ်ရက်တာ ဓာတ်ခွဲနမူနာ ၁၂၃၀ ခု စစ်ဆေးမှုအရ ရောဂါကူးစက်ခံရသူ ၇၂ ဦး ထပ်မံတွေ့ရှိခဲ့သည်။ မေလ ၂၉ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုလူနာ ၄၀၊ မေလ ၃၀ ရက်နေ့တွင် ၄၅ ဦး၊ မေလ ၃၁ ရက်နေ့တွင် ၅၈ ဦး၊ ဇွန်လ ၁ ရက်နေ့ တွင် ၁၂၂ ဦးနှင့် ဇွန်လ ၂ ရက်နေ့တွင် ၇၂ ဦး တွေ့ရှိလာခဲ့သည်။

မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိမှုမှာ မေလကုန်မှစ၍ ရောဂါပိုးတွေ့ရှိမှုနှုန်း များလာခဲ့ရာ အဓိကအများဆုံး ရောဂါပိုးတွေ့ခဲ့သည့် တွန်းဇံမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှုများကို ထိရောက်စွာတားဆီးနိုင်ရေးနှင့် ရောဂါဖြစ်ပွား မှုကို အချိန်မီထိန်းချုပ်နိုင်ရန်အတွက် အဆိုပါမြို့နယ်များအား နေအိမ်တွင်သာ နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းကြေညာခဲ့သည်။

ရောဂါဖြစ်စဉ်အရ မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေခြင်းမဟုတ်ဘဲ အနောက်ဘက် နယ်စပ်နှင့်ဆက်စပ်သည့် မြို့အချို့မှ ကူးစက်လာခြင်းဖြစ်ရာ အဆိုပါဒေသ ပတ်ဝန်းကျင်တို့မှတစ်ဆင့် ကူးစက်ပျံ့နှံ့ခြင်းမရှိအောင် ကာကွယ်ထိန်းချုပ်ရေးကို အလေးထားဆောင်ရွက်နေပြီဖြစ်သည်။

မြန်မာနိုင်ငံ၏အနောက်ဘက် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမှာ အမေရိကန်နိုင်ငံပြီးလျှင် အများဆုံးဖြစ်နေပြီး လူအသေ အပျောက်လည်း မြင့်မားလျက်ရှိသည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါပထမလှိုင်း၊ ဒုတိယလှိုင်းကို အလူးအလဲခံခဲ့ကြရပြီး ယခုတတိယလှိုင်းကိုပင် ရင်ဆိုင်ကြုံတွေ့ နေကြရသည်။ တတိယလှိုင်းတွင် အလွန်လျင်မြန်သော ကူးစက်မှုနှုန်းရှိသည့် မျိုးဗီဇသစ်ရောဂါပိုးသည် နိုင်ငံအချို့တွင် ဖြစ်ပွားလာပြီး အိမ်နီးချင်းနှင့် အရှေ့တောင် အာရှနိုင်ငံအချို့တွင်ပင် ရှိလာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိရောဂါကူးစက်ခံရမှုနှင့်ပတ်သက်၍ မျိုးဗီဇအသစ် ဟုတ်မဟုတ် စစ်ဆေးလျက်ရှိပြီး အကယ်၍ မြန်မာနိုင်ငံတွင် မျိုးဗီဇသစ်ရောက်ရှိလာပါက အလျင်အမြန် တားဆီး ကာကွယ်ရမည်ဖြစ်သည်။

ယခုအချိန်အခါတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစိန်ခေါ်မှု ကြီးမားစွာဖြစ်ပေါ်လျက်ရှိပြီး ထိုအချိန်ကာလတွင် ကိုဗစ်-၁၉ ရောဂါပိုးသစ် တစ်ကျော့ပြန်ခေါင်းထောင်လာပါက လက်ရှိကြုံတွေ့နေရသော နိုင်ငံရေးစိန်ခေါ်မှု ထက် ပိုမိုကြီးမားပြင်းထန်စွာ ကြုံတွေ့ကြရမည်ဖြစ်သည်။ နိုင်ငံရေးစိန်ခေါ်မှုမှာ ထိခိုက်ဆုံးရှုံးမှု အတိုင်းအတာတစ်ခုသာရှိသော်လည်း ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါနှင့် ယနေ့ရင်ဆိုင်ကြုံတွေ့ရပါက မျှော်မှန်း၍ပင် မရနိုင်သော ဆုံးရှုံး ပျက်စီးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နိုင်သည်ကို မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် ကြသော ပြည်သူလူထုအားလုံး အထူးသတိချပ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အစုလိုက်အပြုံလိုက်ဖြစ်ပွားလာပါက ကျန်းမာရေးဌာနတွင် CDM ပြုလုပ်ခဲ့ခြင်း အကျိုးဆက်ကြောင့် ရောဂါကူးစက်ခံရသူများအား အချိန်မီကယ်တင်နိုင်ရေး၌ ကြီးမားသောအခက်အခဲများ ရှိမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အချိန်မီ ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ စနစ်တကျတပ်ဆင်ရန်၊ လက်ကို မကြာခဏ ဆေးကြော ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

ကြေးမုံ