ဟားခါး ၆ ဧပြီ
ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အဘက်ဘက်မှ လှူဒါန်းပေးကြသည့် အလှူရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူရှင်များ ထပ်မံလှူဒါန်းနိုင်ရေး ကြိုဆိုလျက်ရှိပါကြောင်း၊ အလှူခံရရှိသော အလှူငွေများအား လိုအပ်သည့်နေရာများတွင် အကျိုးရှိထိရောက်စွာ အသုံးချသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် IME FOUNDATION မှ ငွေကျပ် ၁၀၀၃၇၅၀၀ ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ငွေကျပ် ၂၀ သိန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လမ်းဦးစီးဌာနမှ ငွေကျပ် ၂၀ သိန်း၊ တံတားအထူးအဖွဲ့(၁)မှ ငွေကျပ် ၁၀ သိန်း၊ ဆက်သွယ်ရေးကုမ္ပဏီများမှ ငွေကျပ် ၈၀ သိန်း၊ အဆောက်အဦ အထူးအဖွဲ့(၉)မှ ငွေကျပ် ၁၀ သိန်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ဇနီး ဒေါ်စန်းစန်းမိုး မိသားစုမှ ငွေကျပ် ၁ သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဆန်းထွန်းစိန်နှင့် မိသားစုမှ ငွေကျပ် ၁ သိန်း၊ ပြည်နယ် သမဝါယမ ဦးစီးဌာနမိသားစုမှ ငွေကျပ် ၃ သိန်း၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ငွေကျပ် ၂ သိန်း၊ ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ငွေကျပ် ၂ သိန်း၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငွေကျပ် ၂ သိန်း စုစုပေါင်း ငွေကျပ် ၂၅၁၃၇၅၀၀ တန်ဖိုးရှိ ဆေးနှင့်ဆေး ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းသုံး ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ပေးအပ်လှူဒါန်းရာ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု၊ လက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


