ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသက်သာလာခဲ့ပြီဖြစ်တဲ့ အာရမ်နဲ့ ဂျင်

ဇန်နဝါရီ   ၅

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့တစ် ဖွဲ့ဖြစ်တဲ့ BTS ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အာရမ်နဲ့ ဂျင်တို့ဟာ လတ်တလောမှာ ကိုဗစ်-၁၉ ရောဂါ သက်သာပျောက်ကင်းခဲ့ပြီဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အာရမ်နဲ့ ဂျင်တို့ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းပြီဖြစ်ကြောင်း အဖွဲ့ရဲ့ ဖျော်ဖြေရေးအေဂျင်စီက ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အေဂျင်စီရဲ့ ပြောကြားချက်အရ အာရမ်နဲ့ ဂျင်တို့ နှစ်ဦးစလုံး နေအိမ်မှာပင် ကုသမှုခံယူခဲ့ကာ အသွားအလာ ကန့်သတ်နေထိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ သူတို့နှစ်ဦးစလုံး ရောဂါပျောက်ကင်းခဲ့ပြီဖြစ်ကာ အသွားအလာ ကန့်သတ်နေထိုင်ရတဲ့ အချိန်လည်း ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အိမ်မှာသီးခြားနေထိုင်စဉ်ထူးခြားတဲ့ ကျန်းမာရေးလက္ခဏာ ပြသခဲ့ခြင်းမရှိဘဲ ဂျင်ကတော့ အနည်းငယ်ဖျားခဲ့ပေမယ့် လက်ရှိမှာ နှစ်ဦးစလုံး အပြည့်အဝပြန်လည် ကောင်းမွန်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် အေဂျင်စီက မကြာမီမှာ သူတို့နှစ်ဦးစလုံး အနုပညာလှုပ်ရှားမှုတွေ ပြန်လည် လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အေးပြည့်