ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ် တုံ့ပြန်နိုင်​ရေး​ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၂

 

မွန်ပြည်နယ်အနေဖြင့် အစုလိုက်အပြုံလိုက် (Cluster) ရောဂါပိုး မတွေ့ရှိရသေးသော်လည်း ရောဂါပိုးတွေ့ရှိနှုန်း တဖြည်းဖြည်း မြင့်တက်လာသည့်အတွက် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်​ရေး ​လုပ်ငန်းများကို အထူးအ​လေးထား ​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်နိုင်​ရေး​ ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း က ပြောကြား သည်။

 

ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ​အောင်ဆန်းမ၌ ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံပြန်နိုင်​ရေး​ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်းနီးပါး ထိုးနှံပြီးဖြစ်ကြောင်း၊ မျိုးရိုးဗီဇပြောင်း မျိုးစိတ်အသစ် ရောဂါပိုးများ အန္တရာယ်မှ ကာကွယ်နိုင်စွမ်း မြင့်မားစေရန် ထပ်​ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်​ကြောင်း၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး အစုလိုက်အပြုံလိုက် ကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်​ရေး လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့​နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်နိုင်​ရေး​ကော်မတီ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ကော်မတီဝင်များက ကိုဗစ်-၁၉ ​ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်​ရေးနှင့် ​ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ  ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မွန်ပြည်နယ်အတွင်း ကာကွယ်ဆေးထိုးနှံရမည့် (၁၈) နှစ်အထက် လူဦးရေ (၁၂၃၃၇၉၄) ဦး ရှိသည့်အနက် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁၀၄၆၇၄၃) ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ (၉၇၆၄၈၉) ဦး၊  Booster (3 rd Dose) ထိုးနှံပြီးစီးသူ (၂၉၀၇၄၉) ဦး၊ Booster (4 th Dose) ထိုးနှံပြီးစီးသူ (၁၅၈၉၇) ဦး ရှိပြီဖြစ်သည်။

 

ထို့အတူ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်း ကာကွယ်ဆေး ထိုးနှံရမည့် အခြေခံပညာ ကျောင်းသား၊ ​ကျောင်းသူ ဦးရေ (၂၅၅၅၆၂) ဦးအနက် ပထမအကြိမ် (၂၄၅၃၄၃) ဦး၊ ဒုတိယအကြိမ် (၂၃၅၄၇၃) ဦးနှင့် အသက် (၁၂) နှစ်အထက်မှ (၁၈) နှစ်အတွင်း ကာကွယ်ဆေးထိုးနှံရမည့် အခြေခံပညာ ကျောင်းသား၊ ​ကျောင်းသူဦးရေ (၄၆၁၂၄) ဦးအနက် ပထမအကြိမ် (၄၅၁၅၉) ဦး၊ ဒုတိယအကြိမ် (၄၃၂၉၇) ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်