ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု ကနဦးအဆင့်တွင် အစိုးရ ဆေးရုံများတွင်သာ ထိုးနှံခွင့်ပြုမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

၂၀ ဇန်နဝါရီ

 

 

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု ကနဦး အစီအစဉ်တွင် ပြည်ပမှ တင်သွင်းသော ကာကွယ်ဆေးများကို အစိုးရ ဆေးရုံများတွင်သာ ထိုးနှံခွင့်ပြုမည် ဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ထိုင်းပြည်သူများ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုများအတွက် ပုဂ္ဂလိက ဆေးရုံများတွင် ကာကွယ်ဆေး ထိုးနှံခြင်းကို ခွင့်မပြုကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံမှု ကနဦးအဆင့်တွင် အစိုးရ ဆေးရုံများနှင့် အစိုးရ ကျန်းမာရေး ဌာနများတွင်သာ ကာကွယ်ဆေး ထိုးနှံခွင့်ပြုမည်ဟု ပရာယွတ် က ပြောကြားသည်။

 

 

ပုဂ္ဂလိက ဆေးရုံများတွင် ပြည်ပမှ ကာကွယ်ဆေး တင်သွင်းမှုကို ခွင့်ပြုထားပြီး နောင်တွင် ကာကွယ်ဆေး ထိုးနှံရန် အရန်ထားမည်ဟု ၎င်းကဆိုသည်။

 

 

အစိုးရအေဂျင်စီများ သို့မဟုတ် ပုဂ္ဂလိက ကဏ္ဍများအတွက် အသုံးပြုရန် တင်သွင်းသော ကာကွယ်ဆေးများ အားလုံးသည် ထိုင်းနိုင်ငံ စားနပ်ရိက္ခာနှင့် ဆေးဝါးစီမံခန့်ခွဲ့ရေးနှင့် ကာကွယ်ဆေး ထုတ်လုပ်သည့် နိုင်ငံများမှ ကျန်းမာရေး အာဏာပိုင်များထံမှ ကြိုတင်ခွင့်ပြုချက် ရယူရမည် ဟု ၎င်းက ဆိုသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပမာဏ ၆၃ သန်းကို ထိုင်းနိုင်ငံက မှာယူထားပြီး လာမည့်လတွင် ကာကွယ်ဆေး စတင်ထိုးနှံရန် စီစဉ်ထားသည်။

 

 

ပထမဆုံး တင်ပို့မှုဖြစ်သော တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech က ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး ၂၀၀၀၀၀ ဖေဖော်ဝါရီလတွင် ရောက်ရှိလာဖွယ်ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို