ရန်ကုန် ၉ အောက်တိုဘာ
ကိုဗစ်-၁၉ လူနာများ ထားရှိကုသနိုင်ရေးအတွက် ရန်ကုန်ကွန်ဗန်းရှင်းစင်တာအား အင်းလျားစင်တာ အဖြစ် ပြုပြင်မှုများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြုပြင်မှုလုပ်ငန်းများအားလုံး ပြီးစီးပြီဖြစ်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ အပ်နှံတော့မည်ဖြစ်ကြောင်း အင်းလျားစင်တာ သတင်းပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
“ဒီနေ့ဆိုရင် အားလုံးအချောသတ်နေပါပြီ။ ဒီနေ့ ညနေပိုင်းလောက်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို အပ်ဖို့ပြင်ဆင်ထားပါတယ်။ စင်တာကို အပ်ပြီးတဲ့ နောက်ပိုင်းမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။ စင်တာကော်မတီ အနေနဲ့ကတော့ အထောက်အကူပြုအဖွဲ့အနေနဲ့ ဆက်လက်တည်ရှိမှာဖြစ်ပြီး စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ဆေးဝါး၊ လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုတွေ အားလုံးကို အပြင်ကနေ ကူညီနေမှာ ဖြစ်ပါတယ်။ အတွင်းစည်းမှာ ကုသမှုအပိုင်းတွေကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စပြီးတာဝန်ယူမှာဖြစ်ပါတယ်” သတင်းပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲနောင်က ပြောကြားသည်။
အင်းလျားစင်တာသည် ကုတင် ၅၀၀ ဆံ့ ကိုဗစ်စင်တာတစ်ခုဖြစ်ပြီး လူနာများအတွက် အောက်ဆီဂျင် ပံ့ပိုးကူ ညီနိုင်သော ခုတင် ၁၀၀ ပါဝင်ကြောင်း သိရသည်။ ကိုဗစ်ကုသရေးစင်တာအဖြစ် ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများကို စက်တင်ဘာ ၂၉ ရက်မှစတင်ခဲ့ပြီး လူနာခန်းများ၊ ဆရာဝန်များ၊ စေတနာ့ဝန်ထမ်းများ လုပ်ငန်းလုပ်ဆောင်မည့်နေရာများ၊ ဆရာဝန်ကြီးများက လူနာများအား လမ်းညွှန် ကွပ်ကဲကုသပေးမည့်နေရာများ၊ လုပ်ငန်းကော်မတီရုံးခန်းများ၊ သန့်စင်ခန်းများ ပါဝင်ကာ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် စင်တာအပြင်ဘက်တွင် သီးခြားအခန်းများ ဖွဲ့စည်း တည်ဆောက်ထားကြောင်း သိရသည်။
ထို့ပြင် အင်းလျားစင်တာ၌ တက်ရောက်ကုသမည့်လူနာများအတွက် လိုအပ်သည့်အထူးဆေးဝါးများနှင့် အာဟာရပြည့်ဝစေရန်အတွက် နံနက်စာ၊ နေ့လယ်နှင့် ညစာများကို အခမဲ့စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပြီး ဆရာဝန်များ၊ သူနာပြုများ၊ စေတနာဝန်ထမ်းများအတွက်လည်း ၂၄ နာရီအစားအသောက် ကောင်တာများ စီစဉ်ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုများအရ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း ၇၀၀၀ နှင့် ရွှေသံလွင်ကုမ္ပဏီမှ ငွေကျပ် သိန်း ၃၀၀၀ စုစုပေါင်း ကျပ်သိန်းတစ်သောင်း ကနဉီး မတည်လှူဒါန်းမှုဖြင့် အင်းလျား စင်တာကို ရန်ကုန်ကွန်ဗန်းရှင်းစင်တာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - အင်းလျားစင်တာ


