ကိုဗစ်- ၁၉ ကို ကာကွယ်ရန် အပြင်းအထန်ကြိုးစားရမည်ဖြစ်ကြောင်း ကင်ဂျုံအန်းပြော

ပြုံယမ်း ၄  ဇူလိုင်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းသည် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးရန် အပြင်းအထန် ကြိုးစားဆောင်ရွက် ကြရန်လိုကြောင်း တိုက်တွန်းပြော ကြားလိုက်သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြလိုက်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်သည် ယမန်နေ့က ပေါ်လစ်ဗျူရို အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံ၏ အာဏာရပါတီ သတင်းစာဖြစ်သော ရိုဒွန်ဆင်မွန်တွင် ဇူလိုင် ၃ ရက်က ဖော်ပြလိုက်သည်။

မြောက်ကိုရီးယား နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို တားဆီးရန် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ အသွားအပြန် ပြေးဆွဲနေသော လေကြောင်းလိုင်းများနှင့် ရထားခရီးစဉ်များကို လွန်ခဲ့သော ငါးလကတည်းက ရပ်ဆိုင်းလိုက်သည်။

ထို့အပြင် မြောက်ကိုရီးယားနိုင်ငံတွင် မည်သည့် ကိုဗစ်-၁၉ မှ ဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် ကိုဗစ်၁၉ ကူးစက်ပျံ့နှံ့ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း ကင်က အစည်းအဝေးတွင် ပြောကြားလိုက်ပြီး ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိအောင် ကြိုးစားရမည်ဖြစ်ကြောင်း ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်က အနေနီးစပ်ရာမှတစ်ဆင့် ကူးစက်တတ်သော ကိုဗစ်-၁၉ ရောဂါသည် အိမ်နီးချင်းနိုင်ငံများနှင့် အခြားကမ္ဘာ့ဒေသများတွင် ဖြစ်ပွားနေကြောင်း ပြောသည်။ ကင်က ကူးစက်ရောဂါ ဆန့်ကျင်တိုက်ဖျက်သော ဆောင်ရွက်မှုများအပေါ် လျှော့ပေါ့မှုများ အလျင်စလို လုပ်ဆောင်ပါက အဖတ်ဆယ်၍ မရသော အကျပ်အတည်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးပြောကြားလိုက်သည်။

မြောက်ကိုရီးယား နိုင်ငံသည် ၎င်း၏ အကြီးဆုံး ကုန်သွယ်ဖက် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ကျဆင်း လာသောကြောင့် စီးပွားရေးတွင် အကြီးအကျယ် ထိခိုက်လာခဲ့သည်။

ကင်ကသက်ဆိုင်ရာ တာဝန်ရှိသူများကို စီးပွားရေး၌ ကိုယ့်အား ကိုယ်ကိုး အောင်မြင်မှု ရရှိရန်နှင့် ပြည်သူများ၏ လူနေမှုဘ၀ တိုးတက်အောင်လုပ်ဆောင်ရန် လွန်ခဲ့သောလ က တိုက်တွန်းပြောကြားလိုက်သည်။

အင်န်အိတ်ချ်ကေ