ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဂျပန်နိုင်ငံက ဗီယက်နမ်နိုင်ငံသို့ ပေးပို့ရန် စဉ်းစားလျက်ရှိ

တိုကျို ၆ ဇွန်

ဗီယက်နမ်နိုင်ငံက ၎င်းတို့ လုပ်ဆောင်နေသည့် ကာကွယ်ဆေးထိုးနှံပေးရေး အစီအစဉ်ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားနိုင်ရေးအတွက် ကူညီကြရန် တောင်းခံထားပြီးနောက် ဂျပန်နိုင်ငံက ကိုဗစ်၁၉ ကာကွယ်ဆေးကို ဗီယက်နမ်နိုင်ငံသို့ ထောက်ပံ့ပေးရန် စဉ်းစားလျက်ရှိသည်ဟု သိရသည်။

အောက်စဖို့ဒ်တက္ကသိုလ် သုတေသီများနှင့် အခြားသောပုဂ္ဂိုလ်များ စစ်တမ်းကောက်ယူမှု အရဇွန် ၃ ရက်အထိ ဗီယက်နိုင်ငံ လူဦးရေ၏ ၁ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးပြီဟု သိရသည်။ ယင်းပမာဏသည် အရှေ့တောင်အာရှနိုင်ငံများ အသင်းအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံတွင် အနိမ့်ဆုံး ဖြစ်နေသည်။

အပြည်ပြည်ဆိုင်ရာ ကာကွယ်ဆေး ဖြန့်ဝေပေးရေး မူဘောင်များအတွင်းမှ မဟုတ်ဘဲ ယခုလအတွင်း စောနိုင်သမျှ စောစော ဗီယက်နမ်နိုင်ငံသို့ ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ဂျပန်နိုင်ငံက ပေးပို့လိုသည်။

ဂျပန်အစိုးရသည် ပိုလျှံနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အခြားသော တိုင်းပြည်များသို့ ပေးပို့ရန် မူဝါဒချမှတ်ထားသည်။

အင်န်အိတ်ချ်ကေ