ခရီးသွားလုပ်ငန်းဦးမော့လာရေးကြိုးပမ်း

 

 

မြန်မာနိုင်ငံသည် ရေမြေသဘာဝမတူကွဲပြားသည့် အလှအပများနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပေါများသည့် နိုင်ငံဖြစ်၍ ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေ စသည့်တစ်မူထူးခြားသည့် သဘာဝ ရှုခင်းများ၊ သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှုများနှင့် လူနေမှုဘဝပုံစံများ စသည်တို့သည် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်သည့် အရင်းအမြစ်များဖြစ်သည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံများသည် ခရီးသွားလုပ်ငန်းမှ အကျိုးများစွာဖြစ်ထွန်းသည်ကို သိရှိကြသဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို အားစိုက်လုပ်ကိုင်ကြသည်။ သို့သော်ပြီးခဲ့သည့် နှစ်များမှစတင်၍ ဖြစ်ပေါ်လာသည့် ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည်။ ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းကို မှီခိုရပ်တည်နေသည့် အများပြည်သူတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ များစွာထိခိုက်ဆုံးရှုံးစေခဲ့သည်။ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါသည် အရှင်းမပျောက်သေးသော်လည်း ရောဂါထိန်းချုပ်ရေးကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်လာနိုင်ပြီဖြစ်၍ ကမ္ဘာ့နိုင်ငံများအနေဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေကြသည်။

 

ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာစေရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီးပွားရေးကုစားမှု စီမံကိန်းအရ နိုင်ငံတော်ဘဏ္ဍာငွေ၏ သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိသုံးစွဲရန် သတ်မှတ်လျာထားခဲ့သည်။ ယနေ့အထိ ခရီးသွားလုပ်ငန်း ကုမ္ပဏီ ၂၄၄ ခု၊ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၃၃၉ ခုတို့ကို ငွေကျပ် ၂၁ ဒသမ ၄ ဘီလီယံ ထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံပိုင် ငှားရမ်းဟိုတယ်များအတွက် ငှားရမ်းခများကို ခြောက်လရွှေ့ဆိုင်း ပေးခဲ့သည့်အပြင် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ၂၁ လကို ငှားရမ်းခ ၅၀ ရာခိုင်နှုန်းလျှော့ချပေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ ခရီးလှည့်လည်ရေး လုပ်ငန်းများနှင့် ဧည့်လမ်းညွှန်များ၏ လုပ်ငန်း လိုင်စင်ကြေးများကို တစ်နှစ်စာ ကင်းလွတ်ခွင့်ပြုခြင်းများ ဖြေလျှော့ဆောင်ရွက်ပေးခဲ့သည်။

 

ယခုအခါတွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှုများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်၍ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်သည် ခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်လုပ်ကိုင်နေကြပြီဖြစ်သည်။ ကမ္ဘာ အနှံ့တွင် ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ကမ္ဘာလှည့်ခရီးသည် သန်း ၂၅၀ ကျော် လည်ပတ်ခဲ့ကြသည်။ ယမန်နှစ်က အလားတူကာလတွင် လည်ပတ်သူ ၇၇ သန်းရှိခဲ့သည့်အတွက် ယခုနှစ်တွင် ခရီးသွားဧည့်သည် ၁၇၃ သန်း ပိုမိုလည်ပတ်ခဲ့ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယားများအရသိရသည်။ မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းလာသဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ဖြစ်ထွန်းလာသည်။ ထို့အပြင် ယခုနှစ် ဧပြီလ ၁၇ ရက်နေ့မှစတင်၍ နိုင်ငံတကာလေကြောင်းလိုင်းများကို ပြန်လည်ခွင့်ပြုပေးခဲ့ရာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်သည့် အလားအလာကောင်းများဖြစ်ပေါ်လာသည်။

 

ကမ္ဘာလှည့် အီးဗီဇာကို ယခုနှစ် မေလ ၂၀ ရက်နေ့မှစ၍ ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်းများ တစ်စတစ်စဖွံ့ဖြိုးလာသည်ကို တွေ့မြင်ရသည်။ မကြာမီတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်၍ မြန်မာနိုင်ငံ အတွင်း ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာရန် မျှော်မှန်းပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်သည်။ ပြည်ပဧည့်သည်များသာမက ပြည်တွင်းနိုင်ငံသားခရီးသွားများပါ စိတ်ချမ်းမြေ့ပျော်ရွှင်စွာဖြင့် ခရီးသွားလာ လည်ပတ်နိုင်ရန်အတွက် အဘက်ဘက်တွင် စီမံဆောင်ရွက်ထားရမည်ဖြစ်သည်။ ပြည်တွင်း၌ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာပါက မြို့ပြနှင့် ကျေးလက်ဒေသများမှ ခရီးသွားလုပ်ငန်းများနှင့် ဆက်နွှယ်သည့်ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာပြီး လူမှုစီးပွားဘဝ အဆင်ပြေလာမည်ဖြစ်သည်။

 

သို့ဖြစ်ရာ “ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့” ဟူသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ပါအတိုင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ပြီး ရေရှည်တည်တံ့၍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။           

 

ကြေးမုံ