ချန်ပီယံလိဂ် (၁၆)သင်း အဆင့်တွင် လီဗာပူးနှင့် ဘိုင်ယန်မြူးနစ်၊ လိုင်ယွန်နှင့် ဘာစီလိုနာတို့ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့

၂၀ ဖေဖော်ဝါရီ


ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ရှုံး/ထွက် ပထမအကျော့ပွဲစဉ်များကို ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး လီဗာပူးနှင့် ဘိုင်ယန်မြူးနစ်၊ လိုင်ယွန် နှင့် ဘာစီလိုနာတို့၏ ပွဲစဉ် နှစ်ပွဲစလုံးမှာ ဂိုးမရှိ သရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

 

123

 


လီဗာပူး အသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့ ပွဲစဉ်တွင် နှစ်သင်းစလုံးမှာ အရေးကြီးသည့် ပွဲစဉ်ဖြစ်တာ နှင့်အညီ အဓိက အမာခံ ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာခဲ့ကြသည်။ ဘိုင်ယန်မြူးနစ် အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ လက်ခံယှဉ်ပြိုင် ကစားခဲ့သည့် လီဗာပူး အသင်းမှာ ယခုပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး အခွင့်အရေး အများအပြား ရရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။ 


ဘိုင်ယန်မြူးနစ် အသင်းကလည်း အိမ်ရှင် လီဗာပူးအသင်းကို အကောင်းဆုံးပုံစံဖြင့် ဂိုးရရှိဖို့အတွက် ပြန်လည် ဖိအားပေး ကြိုးစားကစားခဲ့သော်လည်း လီဗာပူးနောက်ခံ ကစားသမားများနှင့် ဂိုးသမားတို့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ပွဲအပြီးမှာ နှစ်သင်းစလုံး ဂိုးမရှိ သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။ 


အခြားပွဲစဉ်အဖြစ် လိုင်ယွန်အသင်းနှင့် ဘာစီလိုနာအသင်းတို့၏ ပွဲစဉ်မှာ ပထမပိုင်းတွင် အိမ်ရှင်လိုင်ယွန်အသင်း၏ ဖိအားပေးမှုတွေကြောင့် ဘာစီလိုနာအသင်း အနည်းငယ် အခက်တွေ့ခဲ့ရသည်။ နောက်ပိုင်းမှာ ဘာစီလိုနာအသင်း ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဂိုးရရှိဖို့အတွက်  အခွင့်အရေး တော်တော်များများ ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုတွေကြောင့် ပွဲအပြီးတွင် ဂိုးမရှိ သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။


MDN