ချင်းတောင်ထွက် ချင်းများ ယခုနှစ် ဈေးကောင်းရ

ဟားခါး  ၂၆  ဖေဖော်ဝါရီ

 

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့နယ်နှင့် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် ချင်းများ လှိုင်လှိုင်ပေါ်ချိန် ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူသူများပြားနေသည့်အတွက် ချင်းတောင်ရှိ ချင်း စိုက်ပျိုးတောင်သူတို့ ယခင်နှစ်ရှုံးကြွေးကျေ၍ အမြတ်ကျန်ပြီး အဆင်ပြေကြကြောင်း ချင်းပြည်နယ် ချင်းစိုက်တောင်သူများထံမှ သိရသည်။

 

“ကျွန်တော်တို့ ဒေသထွက် ချင်းကို ဖလမ်း၊ ဟားခါးမှာရှိတဲ့ သီးနှံပွဲရုံတွေမှာ သွားရောင်းကြပါတယ်။ တချို့က ကလေးမြို့ဈေးကွက်ကို သွားရောင်းကြတယ်။ ချင်းစိုက်တောင်သူတွေအနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ချင်းတစ် ပိဿာကို ၅၀ဝ၊ ၇၀ဝ နှုန်းနဲ့ အလွန်ဆုံး ကျပ် ၁၀ဝ၀ ဈေးလောက်ပဲ ရောင်းရတာဖြစ်တယ်။ အခုတော့ နှစ်ဆ၊ သုံးဆလောက် ဈေးမြင့်တက်သွားတဲ့အတွက် ကျွန်တော်တို့ ချင်းစိုက်တောင်သူတွေ အဆင်ပြေကြပြီး စိုက်သလောက်လည်း အကျိုးဖြစ်ထွန်းပါတယ်” ဟု ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာ ချင်းစိုက်တောင်သူ ဦးထန်ကပ်က ပြောသည်။

 

ချင်းပြည်နယ်တွင် ချင်းကို တောင်ယာသီးနှံအဖြစ် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာ ဝန်းကျင်နှင့် ကလေး- ဟားခါး- ဂန့်ဂေါကားလမ်း တစ်လျှောက်တွင် စိုက်ပျိုးကြပြီး ဖလမ်းမြို့နယ်တွင် ဗားလုမ်၊ လာသီး၊ ပါရ်သဲ၊ လုမ်းဘန်၊ ဘွဲလ်ခွား၊ ဖိုင်းဇော၊ လုမ်းဟော့ဒေသနှင့် ရိခေါ်ဒါရ် - ဖလမ်းကား လမ်းဝဲယာတစ်လျှောက်တို့တွင် စီးပွားဖြစ် စိုက်ပျိုးကြသည်။

 

ချင်းတောင်ပေါ် တောင်ယာစိုက်ခင်းများမှ နှစ်စဉ်ချင်းပိဿာချိန် သိန်းချီထွက်ရှိရာ ချင်းတောင်ထွက် ချင်းကို မုံရွာ၊ မန္တလေးသို့လည်းကောင်း၊ မြန်မာ - အိန္ဒိယနယ်စပ်မှ တစ်ဆင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်သို့လည်းကောင်း တင်ပို့ရောင်းချကြပြီး ယခုရက်ပိုင်း ချင်းပြည်နယ် ဖလမ်း၊ ဟားခါး ချင်းစိုက်ပျိုးရာဒေသများတွင် တစ်ပိဿာလျှင် ၁၅၀ဝ ကျပ်မှ ၂၀ဝ၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်ကာ လက်လီးဈေးတွင် တစ်ပိဿာလျှင် ၂၅၀ဝ ကျပ်မှ ၃၀ဝ၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

 

ချင်းပြည်နယ်တွင် ချင်းကို မိုးဦးကျရာသီတွင် တောင်ယာစိုက်ပျိုးသီးနှံအဖြစ် စိုက်ပျိုးကြပြီး ဆောင်းကုန်ရာသီ ဇန်နဝါရီလကုန်၊ ဖေဖော်ဝါရီလတွင် ဖော်ရောင်းကြရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းရပ်ကွက် ချင်းတောင်ထွက် သီးနှံမျိုးစုံ ရောင်းဝယ်ရေးပွဲရုံများသို့လည်း တင်ပို့ရောင်းချကြကြောင်း သိရသည်။

 

နေစု(ချင်းရိုးမ)