ချင်းတောင် တီးတိန်ပန်းသီး အထွက်နှုန်း ကောင်းသော်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် အဆင့်မီ ဈေးကွက်ဝင် ဖြစ်မလာ

တီးတိန် ၁၂ ဇူလိုင်


ချင်းပြည်နယ်တွင် ပန်းသီးကို တီးတိန်မြို့နယ်၌ အများဆုံး စိုက်ပျိုးပြီး ပြည်တွင်းပြည်ပ ဈေးကွက်အထိ အရောင်းအဝယ် ဖြစ်နေသော ချင်းတောင်ပန်းသီးမှာ  ယခုနှစ်အသီးသီးချိန်တွင် ရာသီဥတုဖောက်ပြန်မှုနှင့် အပူရှိန် ပြင်းထန်မှုများကြောင့် ပန်းသီးအထွက်နှုန်းကောင်းမွန်သော်လည်း အဆင့်မီ ဈေးကွက်ဝင် ဖြစ်မလာဘဲ အလုံးသေးငယ်ကြောင်း တီးတိန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


“တီးတိန်မြို့နယ်မှာ ပန်းသီးဟာ ဒေသထွက် စိုက်ပျိုးသီးနှံတစ်ခုဖြစ်တယ်။ အခုအချိန်ထွက်ရှိတဲ့ ပန်းသီးဟာ အိုင်ဝါ အမျိုးအစားဖြစ်ပြီး စိုက်ပျိုးတောင်သူတွေက တစ်ပိဿာကိုငွေ ၁၅၀ဝ ကျပ် ဈေးနှုန်းရရှိပါတယ်။ တောင်သူများ အဓိကစိုက်ပျိုးတဲ့ ပန်းသီးအမျိုးအစားများကတော့ အိုင်ဝါ၊ ရူဘီ ခေါ် ကမ်းနန်၊  အော်သီး(Audi)၊ အိုယိုကီနဲ့ ကုန်ဒေါင်း တို့ဖြစ်ပါတယ်။ တီးတိန်ဒေသ ပန်းသီးပင်များဟာ ကင်ကာ (Canker)လေကနေ တစ်ဆင့်ကူးတဲ့ ရောဂါကြောင့် ပန်းသီးဟာ တစ်နှစ်မှာ ၁၀ ဒီဂရီစင်တီကရိတ် အောက်/အအေးဓာတ်နာရီပေါင်း ၇၀ဝ ခန့်လိုအပ်ပါတယ်။ အခုနှစ်မှာတော့ ရာသီဉတုပူနွေးလာမှုကြောင့် တစ်နှစ် ၁၀ ဒီဂရီစင်တီ ကရိတ်အောက် အအေးဓာတ်နာရီပေါင်း ၃၀ဝ ကနေ ၄၀ဝ ခန့်လောက်ပဲ ရရှိပါတယ်။ ဒါ့အပြင် မိုးရွာသွန်းမှု နောက်ကျတဲ့ အတွက်ကြောင့် ပန်းသီးများ အရင်နှစ်ထက် အလုံးသေးသွားတာဖြစ်ပါတယ် ”ဟု တီးတိန်မြို့ စိုက်ပျိုးရေးဦးစီး ဌာနမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။


ချင်းပြည်နယ်တွင် ပန်းသီးကို  ဟားခါး၊ ဖလမ်း၊ တီးတိန်မြို့နယ်တို့တွင် စိုက်ပျိုးမှုများ ရှိသော်လည်း  တီးတိန်မြို့နယ် ဘွင်၊ ဗန်တဲ့၊ ဆွောင်ပီး၊ ဒိမ်ပီးနှင့် လေးဒေါ့ကျေးရွာများတွင် အများဆုံးစိုက်ပျိုးမှုရှိကြကြောင်း၊  တီးတိန်မြို့နယ်ထွက် ပန်းသီးကို ထင်းရှူးသေတ္တာဖြင့် ရိုက်၍ တစ်ဖက်နိုင်ငံ မြန်မာ- အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ တစ်ဆင့်  ကလေးဝ၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်မြို့များသို့လည်းကောင်း၊ ချင်းတွင်းမြစ်ဖျား ဒေသသို့လည်းကောင်း နှစ်စဉ်တင်ပို့ရောင်းချကြကြောင်း၊  ချင်းတောင်ထွက် ပန်းသီးမျိုး အကောင်းဆုံးမှာ  အိုင်ဝါသီးဖြစ်ပြီး ကြာကြာထား၍ရသည့် အသီးဆိုလျှင် ရူဘီသီးဟုခေါ်ဆို၍ အခြားအသီးများ ထက် အရောင်ပိုတောက်ကြောင်း၊ အိုင်ဝါသီးဟုခေါ်သည့် အသီးဆိုလျှင် ဇွန်လမှ စတင်ရောင်းချနိုင်ပြီဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ် တမူးဘက်သို့ ပုံမှန်တင်ပို့နိုင်ပါက ဈေးကွက် ပိုရကြောင်း ပန်းသီးဝယ်ယူတင်ပို့ ရောင်းချသည့် ကုန်သည်များထံမှ သိရသည်။


နေစု(ချင်းရိုးမ)