ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၇ ဉီး ထပ်မံတွေ့ရှိ

ချင်းရွှေဟော် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့ကြသည့် ပြည်သူများကို  ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက် အဖြေအရ ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက အမှတ် (၂) ရပ်ကွက်တွင်  နှစ်ဦးနှင့် အမှတ် (၃) ရပ်ကွက်တွင် လေးဉီး၊ မာလီရှူးဝါးကျေးရွာမှ ပြန်လာသူ ကားဆရာ တစ်ဉီးတို့ဖြစ်ကြကာ အမျိုးသားငါးဉီးနှင့် အမျိုးသမီးနှစ်ဉီး စုစုပေါင်း ခုနစ်ဉီးတို့ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိလူနာအား ဆေးကုသမှု ခံယူနိုင်ရန်အတွက် ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက အမှတ် (၂) ရပ်ကွက်ရှိ မြို့တော်ခန်းမ Quarantine စင်တာသို့ပြောင်းရွှေ့ ပို့ဆောင်ထားပြီး ၎င်းနှင့်ထိတွေ့ခဲ့ကြသူများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန် Home Quarantine ထားရှိကြောင်းနှင့် ၎င်းတို့နေထိုင်သည့် နေရာများအား အသွားအလာကန့်သတ်၍ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့တွင် ဇွန် ၂၃ ရက်မှ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ ၃၇ ဉီးထိ ရှိပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)