ချင်းပြည်နယ်တွင် "ဝ"ဥခေါ် ဖျံဥစိုက်တောင်သူများ နှစ်စဉ်စီးပွားဖြစ်

ရေဇွာ၊ ၂၈ ဒီဇင်ဘာ

 

ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ တောင်သူများသည် ယခင်က ရွှေ့ပြောင်းတောင်ယာများကို မိရိုးဖလာလုပ်ကိုင်ခဲ့ရာမှ ယခုအခါ ချင်းပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်လာသော "ဝ"ဥများကို ဥယျာဉ်ခြံမြေများဖြင့် လုပ်ကိုင်လာခြင်းကြောင့် လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေလာကြောင်း သိရသည်။

 

ချင်းပြည်နယ်ရှိ မြို့နယ်အများအပြားတွင် "ဝ"ဥများကို စိုက်ပျိုးကြသော်လည်း သဘာဝအလျောက် ပေါက်ရောက်မှုနှင့် စိုက်ပျိုးမှုမှာ မင်းတပ်နှင့် ကန်ပက်လက်မြို့များတွင် အများဆုံးထွက်ရှိကြောင်း၊ ချင်းပြည်နယ်တွင် ထွက်ရှိလာတဲ့ "ဝ"ဥများသည် အခြား ပြည်နယ်/ တိုင်းဒေသကြီးများမှ စိုက်ပျိုးထားသော "ဝ"ဥများထက် အရည်အသွေး ပိုမိုကောင်းမွန်ကြောင်း သိရသည်။

 

"ဝ"ဥဟာ ချင်းပြည်နယ်ရဲ့ အဓိကရတနာလို့ ခေါ်ရမှာဖြစ်ပါတယ်၊ "ဝ"ဥ စိုက်ပျိုးခြင်းဖြင့် ချင်းပြည်နယ်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေသည့်အပြင် ရွှေ့ပြောင်းတောင်ယာလုပ်ငန်း လုပ်ကိုင်သည့်အလေ့အထကို ပပျောက်စေတာ ဖြစ်ပါတယ်၊ နှစ်ရှည်ပင်များ စိုက်ပျိုးထားသော ဥယျာဥ်ခြံမြေများတွင်လည်း ရေရှည်လုပ်ကိုင်စားသောက်နိုင်သည့် "ဝ"ဥခေါ် ဖျံဥများကိုညှပ်ပြီး စိုက်ပျိုးနိုင်တာကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအနေဖြင့် ပိုမိုအဆင်ပြေနေတာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်က "ဝ"ဥ အစို ၁ ပိဿာကို ငွေကျပ် ၁၉၀၀ ဖြင့် ရောင်းခဲ့ရသော်လည်း ယခုနှစ်မှာ ငွေကျပ် ၁၇၀၀ လောက်သာ အရောင်းအဝယ်ရှိပါတယ်၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုစျေးကောင်းမွန်သည့် "ဝ"ဥကို ချင်းပြည်နယ်အတွင်းရှိ ဒေသအနှံ့အပြားတွင် အများအပြား စိုက်ပျိုးတာကိုတွေ့ရပါတယ်၊ ဒီနှစ်မှာ စျေးအနည်းငယ်ကျနေတာကြောင့် ဒီထက်စျေးတက်လာဖို့က တောင်သူတွေ မျှော်နေကြတာ ဖြစ်ပါတယ်" ဟု "ဝ"ဥစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။

 

ချင်းပြည်နယ်၏ ရေ၊ မြေ၊ သဘာဝနှင့် ကိုက်ညီသော "ဝ"ဥခေါ် ဖျံဥကို ဥယျာဥ်ခြံမြေများဖြင့် စနစ်တကျ တိုးချဲ့စိုက်ပျိုးလာခြင်းကြောင့် ချင်းပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာကြောင်း၊ "ဝ"ဥ အများအပြား စိုက်သော တောင်သူများမှာ အကျိုးစီးပွားများသလို "ဝ'ဥ တူးဖော်လုပ်သားများမှာလည်း ဝင်ငွေများရရှိလာခြင်းကြောင့် လူတိုင်း အလုပ်အကိုင်ရရှိပြီး မိသားစုဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း၊ ချင်းပြည်နယ်အတွင်း၌ ထွက်ရှိသော "ဝ"ဥများကို မန္တလေး-မူဆယ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသော သီးနှံပင်ဖြစ်ကြောင်း သိရသည်။

  

ဆက်လက်၍"ဝ"များ စတင်စိုက်ပျိုးသူများအနေဖြင့် ဒီနှစ်အသီးစတင်စိုက်ပျိုးပါက သုံးနှစ်အကြာတွင် စတင်တူးဖော်ရောင်းချနိုင်ကြောင်းနှင့် နှစ်စဉ်အသီးများဆွတ်ခူးရသောကြောင့် စိုက်ဧကများ တဖြည်းဖြည်း တိုးချဲ့စိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

                                                   

ဟုန်းအွမ်(ပြန်/ဆက်)