ခင်မာလာထွန်း သွားရောက်ကစားသည့် ထိုင်းအမျိုးသမီးကလပ်အသင်း လိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲ

ရန်ကုန် ဇွန် ၂၁

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူ ခင်မာလာထွန်း သွားရောက်ကစားနေသည့် ထိုင်းအမျိုးသမီးကလပ် College of Asian Scholars အသင်းသည် ၂၀၂၂ ရာသီ ထိုင်းအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည်။

College of Asian Scholars အသင်းသည် ပြိုင်ပွဲအပြီးတွင် ၁၄ ပွဲကစား ပွဲတိုင်းအနိုင်ရရှိကာ ရမှတ် ၄၂ မှတ်ဖြင့် ဒုတိယနေရာမှအသင်းကို ၁၁ မှတ်ဖြတ်ကာ ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။ ယင်းအသင်းတွင် ထိုင်းလက်ရွေးစင် ကစားသမားအများစု ပါဝင်နေပြီး ရာသီဝက်တွင် ခင်မာလာထွန်းကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ခင်မာလာထွန်းသည် ဇွန် ၇ ရက်တွင် အသင်းနှင့် စတင်ပူးပေါင်းခဲ့ပြီး ပထမဆုံးပွဲမှာပင် ဂိုးသွင်းယူနိုင် ခဲ့သလို အမာခံကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။ ခင်မာလာထွန်းသည် ထိုင်းအမျိုးသမီးကလပ်တွင် ပထမဆုံးကစားခွင့်ရသည့် မြန်မာအမျိုးသမီးဘောလုံးသမားဖြစ်ပြီး ပထမဆုံးရာသီမှာပင် အောင်မြင်မှုရခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီးဘောလုံးသမားများသည် ပြီးခဲ့သည့်နှစ်အနည်းငယ်မှသာ ပြည်ပကလပ်များတွင် ပထမဆုံးသွားရောက်ကစားခွင့်ရခြင်းဖြစ်ပြီး အိန္ဒိယကလပ် ဂိုကူလန်အသင်းတွင် ကစားသည့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းပြီးနောက် ခင်မာလာထွန်းက ဒုတိယမြောက် သွားရောက်ကစားခြင်း ဖြစ်သည်။ ခင်မာလာထွန်းသည် ထိုင်းကလပ် College of Asian Scholars အသင်းနှင့် သုံးလစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - College of Asian Scholars အသင်း