ချီဖွေမြို့အဝင်တွင် ခရီးသွားပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချီဖွေ ၁  ဧပြီ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ရန် ချီဖွေမြို့အဝင်၌ ကျန်းမာရေးစစ်ဆေးခြင်းကို ယမန့်နေ့ မွန်းလွဲ ၁ နာရီက စတင်၍ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

အဆိုပါစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ် ပြည်သူကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း ၍ ချီဖွေမြို့တွင်း ဖြတ်သန်းသွားလာမည့် ခရီးသွားပြည်သူများအား မြို့အဝင်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်သောအနေဖြင့် စနစ်တကျ စာရင်းကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး  ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် များ လိုက်နာကျင့်သုံးကြရန် အချက်များကို တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

ဆက်လက်၍ ချီဖွေမြို့တွင်းဖြတ်သန်းသွားသော ခရီးသွားပြည်သူများက မြစ်ကြီးနား၊ ဝိုင်းမော်တို့မှ ပန်ဝါဒေသသို့လည်းကောင်း သွားလာနေကြာသော ခရီးသွားများဖြစ်ကြပြီး ၎င်းတို့၏ ကျန်းမာရေး ကောင်းမွန်စွာ ခရီးဆက်နိုင်စေရန် စစ်ဆေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးပြုစုရှောက်မှုများပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်မာဝင်း(ပြန်/ဆက်)