ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲအဖြစ် မြန်မာနှင့် ဂျပန်အသင်း ကစားမည်

၂၅ မတ်

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) နောက်ဆုံး နေ့ကို မတ် ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်ပွဲအဖြစ် အာရှထိပ်သီး ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာအသင်းသည် နှစ်ပွဲနိုင် ခြောက်မှတ်ရထားသော်လည်း ခြေစစ်ပွဲအောင်မြင်ရန် နောက်ဆုံးပွဲမှာ အရေးပါ နေပြီး ရလဒ်ကောင်းရန် လိုအပ်နေသည်။ မြန်မာအသင်းသည် ဂျပန်အသင်းကို သရေကစားနိုင်ပါက ခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက်ရှိသွားမည်ဖြစ်ပြီး ရှုံးနိမ့်ပါကလည်း ဂိုးပြတ်မရှုံးပါက အကောင်းဆုံး အုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်ရှိနေသည်။ 

 


အာရှဘောလုံးအဖွဲ့ချုပ်၏ ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ အုပ်စု ၁၁ ခုမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးလေးသင်း စုစုပေါင်း ၁၅ သင်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သောကြောင့် အုပ်စုဒုတိယနေရာရပါက ခြေစစ်ပွဲအောင်ရန် မသေချာသေးဘဲ အခြားအုပ်စုများ၏ ရလဒ်များကို စောင့်ကြည့်ရမည်ဖြစ်သည်။ 

 


မြန်မာအသင်းသည် ပထမပွဲတွင် တီမောအသင်းကို ခုနစ်ဂိုးပြတ်၊ ဒုတိယပွဲတွင် မကာအိုအသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့ပြီး ဂျပန်အသင်းမှာမူ မကာအိုအသင်းကို ရှစ်ဂိုးပြတ်၊ တီမောအသင်းကို ခြောက်ဂိုးပြတ်အနိုင်ရခဲ့သည်။

 
အကောင်းဆုံးအုပ်စုဒုတိယနေရာတွက်ချက်ရာတွင် အုပ်စု (F) တွင် သုံးသင်းသာ ပါဝင်သောကြောင့် အုပ်စုအောက်ဆုံးမှ ရလဒ်ကို ပယ်ဖျက်မည်ဖြစ်ရာ မြန်မာအသင်းအတွက် တီမောနှင့် မကာအိုပွဲရလဒ်မှာလည်း အရေးပါနေပြီး တီမောအသင်း အနိုင်ရပြီး တတိယနေရာရပါက မြန်မာအသင်းအနေဖြင့် အုပ်စုဒုတိယနေရာ ရပြီး ခြေစစ်ပွဲအောင်ရန် တွက်ချက်ရာတွင် ဂိုးကွာခြားချက်၌ အသာရမည်ဖြစ်သည်။

 

နောက်ဆုံးနေ့ကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် တီမောအသင်းနှင့် မကာအိုအသင်း၊ ညနေ ၆ နာရီတွင် မြန်မာနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာအသင်းနည်းပြချုပ် ပိုပေါ့ဗ်က ''ဒီပွဲက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ခြေစစ်ပွဲ အောင်မြင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဂျပန်အသင်းက ကျွန်တော်တို့ထက် Level တစ်ခုပိုမြင့်ပြီး အနိုင်ရဖို့ဆိုတာ အရမ်းကို ခက်ခဲမှာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပုံမှန်ထက် ပိုကြိုးစားရမှာဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်မြင်ဖို့ အစွမ်းကုန်ကြိုးစားမှာပါ''ဟု ပြောကြားခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်