ချောင်းဦးမြို့၌ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်

ချောင်းဦး ၂၀   စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ခြင်း နည်းပညာပေး သင်တန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 သင်တန်းဖွင့်ပွဲကို ချောင်းဦးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်က အမှာစကား ပြောကြားပြီး ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ စိုက်သိမ်းချိန်လွန် နည်းပညာဌာန ဦးစီးမှူး ဒေါ်သက်သက်နွယ်နှင့် မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဦးစီးမှူး ဒေါ်မေရီကျော်တို့မှ ပို့ချသင်ကြားမည် ဘာသာရပ်ဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းခဲ့သည်။

အဆိုပါ သင်တန်းတွင် ခရမ်းချဉ်သီးအနှစ်ပြုလုပ်နည်း၊ မရမ်းချဉ်သီးခြောက် ပြုလုပ်နည်း၊ ခရမ်းချဉ်သီးတော်ဖီ ပြုလုပ်နည်း၊ ခရမ်းချဉ်သီးယိုပြုလုပ်နည်း၊ ခရမ်းချဉ်သီးဆော့(စ်)ပြုလုပ်နည်း၊ ကင်(မ်)ချိပြုလုပ်နည်း၊ ထုတ်လုပ်မှုနည်းပညာ များ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ ၄၅ ဦး တက်ရောက်ပြီး၊ သင်တန်းကာလမှ ယနေ့မှ စ၍ ၃ ရက် ပို့ချသွားမှာ ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ပြောပြသည်။

အဆိုပါသင်တန်းသို့ ချောင်းဦးမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမောင်မောင်မျိုးခိုင်၊ ဥယျာဉ် ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ စိုက်သိမ်းချိန်လွန်နည်းပညာဌာန ဦးစီးမှူး ဒေါ်သက်သက်နွယ်၊ မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဦးစီးမှူး ဒေါ်မေရီကျော်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦး နှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူ ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


အိအိအောင်(ချောင်းဦး)

Related Articles