ချောင်းသာ ၂၅ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ စပါးထားတံတား၏ အောက်ခံသံဘောင်တန်းများမှာ သံချေးစား ပေါက်ပြဲပြီးကြံ့ခိုင်မှု အားနည်းနေသည့်အတွက် သွားလာရေးလုပ်ငန်းများ အဆင်ပြေစေရန် ရွှေသောင်ယံမြို့ လမ်းဦးစီးဌာနမှ ကြည့်ရှုစစ်ဆေးပြီး ရွှေသောင်ယံမြို့အမှတ်(၃) ရပ်ကွက်ရှိ ရွှေဟိန်းထက်ကုမ္ပဏီမှ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါတံတား ပြုပြင်မှု အပိုင်းများကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်ဆောင်ရွက်လျက်ရှိကာ နိုဝင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းတွင် ပြုပြင်မှုလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း တံတားပြုပြင်ရေးပိုင်းများကို ဆောင်ရွက်နေသော တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါစပါးထား တံတားသည် ချောင်းသာမြို့နှင့်ရွှေ သောင်ယံမြို့ရှိ ကျေးရွာအုပ်စုများသို့ သွားလာရာတွင် အဓိကအသုံးပြုလျက်ရှိသော တံတားတစ်စင်းဖြစ်ပြီး ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုများမှ ပြည်သူများအတွက် ပုသိမ်ကဲ့သို့မြို့ကြီးများနှင့် ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်ရာတွင် အဓိကအားထားနေရသော တံတားတစ်စင်းလည်း ဖြစ်သည်။ ထို့ကြောင့် ပြုပြင်နေဆဲ ကာလတွင် ကုန်စည်စီးဆင်းမှုနှင့် ကျန်းမာရေးကဲ့သို့အရေးကြီး ကိစ္စများအတွက် သွားလာနေရသော ကားများအဆင်ပြေစေရန် အပေါ်လမ်းပိုင်းတစ်ခုဖြစ်သည့် တောင်သာယာလမ်းပိုင်းကို ရွှေဟိန်းထက် ကုမ္ပဏီမှ စက်ယန္တရားများဖြင့် ဖောက်လုပ်ဆောင်ရွက်ပေး ထားလျက်ရှိကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)


