ကျောက်တံခါး ၃၁ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် ချောင်းကူးတံတားများ၊ မိုးတွင်းကာလ၌ ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးသွားသော ကျေးလက်လမ်းတံတားများ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရန်အတွက် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မိုးတွင်းကာလ၌ ချောင်းရေတိုက်စား၍ ပျက်စီးသွားသော ကျောက်တံခါးမြို့နယ်အတွင်းမှ အောင်မြင်မြို့နှင့် သဖန်းပင်ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ ရိုးချောင်းတံတား၊ သရက်စိန်ကျေးရွာနှင့် မိုးမခကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ တောင်ကျရိုးချောင်းတံတား၊ သရက်အုပ်ကျေးရွာနှင့် နတ်လောင်းကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ လယ်ကြားရိုး တံတားတို့အား ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက်၊ ကုန်ကျစရိတ်များကို ကျေးလက်လမ်း ဦးစီးဌာနမှ စိစစ်တိုင်းထွာတွက်ချက်ပြီး သဘာဝဘေးရန်ပုံငွေ ဘတ်ဂျက်မှ ခွင့်ပြုငွေ ချထားပေးနိုင်ရေး တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျက်စီးသွားသော ကျေးလက်လမ်းတံတားများ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန္ဒာနှင့် ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မင်းထက်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လမ်းဖြစ်မြောက်ရေး ကော်မတီများမှ စုပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


